ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ပေါက်တောတွင် NGO ဝန်ထမ်းအမျိုးသားတစ်ဦး ရေနစ်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 899

သဥ္ဇာနွယ်
နိရဥ္စရာ၊ အောက်တိုဘာ ၉/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ အကွက် (၁)ရပ်ကွက်ရှိ သောက်ရေကန်တွင် NGO ဝန်ထမ်းအမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသောသူမှာ စစ်တွေမြို့နယ် ဖိုးသာရွာမှ ကိုတိုးတက်နိုင်(ခ)ဉာဏ်လင်း (၂၇ နှစ်)ဖြစ်သည်။
သူသည် အဆိုပါကန်အနီးရှိ အဆောင်မှ ယမန်နေ့ အောက်တိုဘာ ၈ ရက် ညဉ့် ၃ နာရီအချိန်မှစတင်ကာ ပျောက်ဆုံးသွားခဲ့ပြီး ယနေ့ အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းတွင် အဆိုပါရေကန်အတွင်း အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အလောင်းအားသွားရောက်သယ်ယူနေသည့် စစ်တွေမြို့မှ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ကိုမင်းထည်ဝါက နိရဥ္စရာကိုပြောသည်။
“သူက ရေမကူးတတ်ဘူးလို့ သူ့အစ်ကိုကပြောတယ်။ ဖြစ်စဉ်အတိအကျကိုတော့ ဘယ်သူမှ မမြင်လိုက်ကြပါဘူး။ ဒဏ်ရာဒဏ်ချက်လည်းမရှိဘူး”ဟု ပြောသည်။
သေဆုံးသွားသူသည် URC အမည်ရှိ NGO အဖွဲ့၏ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ပေါက်တောမြို့နယ်တွင် တာဝန်ကျနေသူဖြစ်သည်ဟုလည်း သိရသည်။
ပေါက်တောဆေးရုံအုပ် ဒေါက်တာကိုကိုအောင်ကလည်း ပေါက်တောဆေးရုံသို့ ယနေ့ညနေ ၂ နာရီခန့်တွင် အလောင်းရောက်လာပြီး အလောင်းကို မိသားစုတွေက စစ်တွေသို့ယူမည်ဟု ကြားမိကြောင်း ပြောသည်။

ဆက်စပ် သတင်းများ