သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် မိုးဦးကာလ ၂ ပတ်အတွင်း ကလေး ၆ ဦး ရေနစ်သေဆုံးသွား၍ အထူးသတိထားရန်လို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 10.1k

နိရဥ္စရာ၊ ဇွန် ၁၃/ ၂၀၂၂
ရခိုင်ပြည်နယ်တွင် မိုးဦးကာလ ၂ ပတ်အတွင်း ကလေး ၆ ဦး ရေနစ်သေဆုံးခဲ့ပြီဖြစ်သည့်အတွက် အထူးသတိထားကြရန်လိုသည်ဟု သိရသည်။
သေဆုံးသွားသူများမှာ စစ်တွေမှ အမျိုးသမီးငယ် ၁ ဦး၊ ကျောက်ဖြူမှ ညီအစ်ကို ၁ ဦးနှင့် မောင်တောမြို့နယ်မှ ကလေး ၃ ဦးတို့ဖြစ်ပြီး ပြီးခဲ့သည့် မေလ ၂၉ ရက်မှ ယမန်နေ့ ဇွန်လ ၁၂ ရက်အထိ မိုးဦးကာလအတွင်း သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
ယမန်နေ့တွင် သေဆုံးသွားသူမှာ စစ်တွေမြို့၊ ဆတ်ရိုးကျ မင်းဒရားချိတ်ရပ်ကွက်မှ ဦးကိုငယ်နှင့် ဒေါ်လှသန်းဖြူတို့၏သမီး အသက် ၁၄ နှစ်အရွယ် မဖြူဖွေးဖြစ်သည်။
သူမသည် ယမန်နေ့ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် ရပ်ကွက်အတွင်းရှိ စုပေါင်းရုံးအနီးမြောင်းအတွင်း ရေနစ် သေဆုံးခဲ့ခြင်းဖြစ်ပြီး အလောင်းအား ည ၉ နာရီခွဲခန့်တွင် မြောင်းအတွင်းတွေ့ရှိခဲ့သည်ဟု သွားရောက်ကူညီပေးခဲ့သည့် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ ဘဏ္ဍာရေးမှူး ကိုသူရကျော်က ပြောသည်။
"ဘတ်ဟိုးနဲ့တူးထားတဲ့မြောင်းက လူတစ်ရပ်ကျော်လောက်နက်တယ်။ အဲဒီမြောင်းမှာ ကလေးတွေလည်း နေ့တိုင်းရေကူးလေ့ရှိကြတယ်လို့ပြောကြတယ်။ အဲဒီမိန်းကလေးက အဲဒီမှာ ရေကူးရင်းနစ်သွားတာထင်တယ်။ တခြားမသင်္ကာစရာတွေတော့ မရှိဘူး"ဟု ပြောသည်။
သူမသည် ရပ်ကွက်အတွင်းရှိ ဝေဠုဝန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းတက်နေသည့် Grade – 4 ကျောင်းသူတစ်ဦးဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်ကလည်း ကျောက်ဖြူမြို့ သန်ပန်ချောင်းရပ်ကွက်မှ အသက် (၁၅)အရွယ် မောင်ပိုင်စိုးမိုးနှင့် အသက် (၁၀)နှစ်အရွယ် မောင်စိုးပိုင်တို့ ညီကိုအရင်း ၂ ဦးသည် သံဇစ်မြစ်အတွင်း ရေကူးနေစဉ် ရေနစ်သေဆုံးသွားခဲ့သည်ဟု မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုမြို့နယ်တပ်ဖွဲ့မှူး ကိုဝင်းနိုင်ထွန်းက နိရ ဉ္စရာကို ပြောသည်။
သူတို့သည် ကျောင်းမနေကြတော့ဘဲ မိဘကို ဝိုင်းကူလုပ်ပေးနေကြသူများဖြစ်သည်ဟု သိရသည်။
ယင်းအပြင် မောင်တောမြို့ ရပ်ကွက်(၂) (ခေါ်)မြို့မတောင်ရပ်ကွက်မှ အိမ်နီးချင်းများဖြစ်ကြသည့် မောင်အာလိုဝါဆာမတ်(၇ နှစ်)၊ မကာဘူ (၉ နှစ်)နှင့် မရေဇူ (၁ဝ နှစ်)တို့ ၃ ဦးသည်လည်း မေလ ၂၉ ရက် ညနေ ၄ နာရီကျော်အချိန်က ရပ်ကွက်၏တောင်ဘက် မောင်နီရပ်ကွက်ရှိ ပုစွန်ကန်တစ်ခုသို့သွားရောက်ကာ ငါးရှာနေစဉ် ရေနစ်မြုပ်သေဆုံးသွားခဲ့သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှသိန်းက နိရဥ္စရာကို အတည်ပြုပြောသည်။
ယခုကာလသည် မိုးဦးကာလဖြစ်သည့်အတွက် မြစ်ချောင်းအင်းအိုင်များတွင် ရေပြည့်ရေလျှံတတ်၍ ကလေးများနှင့် ကျောင်းသားလူငယ်များအနေဖြင့် ရေကစားကြမည်ဆိုလျှင်လည်း သတိထား ကစားကြရန်လိုသည်ဟု ဒေသခံများက ပြောဆိုကြသည်။ (NN-13)

ဆက်စပ် သတင်းများ