သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် ညလုံးပေါက်မိုးရွာသွန်းမှုကြောင့် တစ်မြို့လုံးနီးပါး ရေကြီးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 4k

နိရဥ္စရာ၊ သြဂုတ် ၁၇/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ယမန်နေ့ညက ညလုံးပေါက်မိုးရွာသွန်းခဲ့မှုကြောင့် တစ်မြို့လုံးနီးပါး ရေကြီးနေသည်ဟု သိရသည်။
ယမန်နေ့ ည ၁၂ နာရီအချိန်မှစတင်ကာ မိုးသည်းထန်စွာရွာချခဲ့သည့်အတွက် ညဉ့် ၁ နာရီခန့်မှစတင်၍ မြို့ပေါ်သို့ ရေများ စတက်လာခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
မြေနိမ့်ပိုင်းဖြစ်သည့် စေတီတောင်ရပ်ကွက်၊ စပယ်မွှေးရပ်ကွက်၊ သမ္ဗာန်ချောင်း၊ သင်္ဘောဆိပ်ဟောင်း၊ အောက်ရွာဘက်တို့တွင် အဓိကရေကြီးနေခြင်းဖြစ်သည်ဟုလည်း ကျောက်ဖြူမြို့မှ လေးဝတီလူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ ကိုဂျပန်ကြီးက နိရဥ္စရာကို ပြောသည်။
"ညဥ့် ၃ နာရီ၊ ၄ နာရီလောက်မှာ တချို့နေရာတွေမှာ အရပ်မြုပ်တဲ့အထိရောက်တယ်။ သမ္ဗာန်ချောင်း စာသင်ကျောင်းအနောက်ဘက်ဆိုရင် အရပ်မြုပ်တဲ့အထိရှိတယ်။ ကျန်တဲ့နေရာမှာ ရင်ဘတ်အထိရောက်တဲ့ အခြေအနေတွေရှိနေတယ်" ဟု ပြောသည်။
ရေလွှမ်းမိုးမှုဒဏ်ကို အဓိကခံနေရသည့် သမ္ဗာန်ချောင်းအနီးအနားရှိအိမ်များမှလူများကိုလည်း ယင်းရပ်ကွက်ရှီ အလက(၄)စာသင်ကျောင်းသို့ အရေးပေါ်ပြောင်းရွှေ့ထားရသည်ဟုလည်း ဆက်ပြောသည်။
လက်ရှိအချိန်ထိ ကျောက်ဖြူတွင် ထိုသို့ရေကြီးနေ၍ လူနေအိမ်အတွင်းပိုင်း အောက်ထပ်အထိရေဝင်ကာ ၄ ပေ၊ ၅ ပေခန့်အထိ ရေမြုပ်နေသည်ဟုလည်း သိရသည်။
ထိုသို့ရေမြုပ်နေ၍ အိမ်အောက်ထပ်ရှိ ပစ္စည်းများမှာ ရေနစ်မြုပ်လျက်ရှိသည်ဟုလည်း ကျောက်ဖြူမြို့နယ်၊ ကုန်ဘောင်ကျေးရွာမှ ကိုထွန်းဝင်းစိုးက ပြောသည်။
"အောက်ထပ်မှာဆိုရင် ရေခဲသေတ္တာတွေ၊ အစခပ်သိမ်းပစ္စည်းပစ္စယတွေ မြုပ်ပါသွားတယ်။ အောက်ထပ်မှာထားတဲ့ ပစ္စည်းတွေဆိုရင် မနည်းဘူး။ အကုန်လုံးနီးပါး ရေမြုပ်သွားတယ်" ဟု ပြောသည်။
ကျောက်ဖြူချောင်းရေသည်လည်း မိုးကြီး၍ ရေကြီးနေပြီး စိုးရိမ်ရေမှတ်ရှိနေသည်ဟု မြို့ခံများက ပြောသည်။
ကျောက်ဖြူချောင်းအနီးရှိ ကျောက်ဖြူမြို့ကို လျှပ်စစ်ဓာတ်အားထုတ်လွှတ်နေသည့် ၆၆ မဂ္ဂါဝပ်လျှပ်စစ်ဓာတ်တိုင်သည်လည်း ကျောက်ဖြူချောင်းရေလွှမ်းမိုးမှုကြောင့် ဓာတ်တိုင်အမြင့် ၂၅ ပေတွင် ၁၅ ပေခန့်သာ ကျန်တော့သည်ဟု သိရသည်။
မိုးဆက်လက်ရွာသွန်းပြီး ရေကြီးလျှင် ဓာတ်မီးတိုင်မှာ ပြိုလဲကျနိုင်သည့် စိုးရိမ်စရာအခြေအနေရှိသည်ဟုလည်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်ကလည်း မိုးကြီး၍ ကျောက်ဖြူချောင်းရေတိုက်စားမှုကြောင့် အဆိုပါဓာတ်မီးတိုင်သည် ပထမတစ်ကြိမ် လဲကျသွားပြီး ကျောက်ဖြူမြို့အပါအဝင် ရွာပေါင်း ၂၀ မှာ ၃ ရက်ခန့်အထိ လျှပ်စစ်မီးပြတ်သွားခဲ့သည်ဟု သိရသည်။
အဆိုပါဓာတ်မီးတိုင်ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်က ကျောက်ဖြူချောင်းတစ်ဖက်၌ အသစ်တစ်ဖန်ပြန်လည်ဆောက်လုပ်ထားခြင်းဖြစ်သည်။ (NN-12)
Photo - Ko Gyi Kyaw

ဆက်စပ် သတင်းများ