အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ၏ ငွေကြေးရန်ပုံငွေနဲ့ ငွေစာရင်းစစ်ဆေးမည်ဟုအကြောင်းကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 5.4k


အောင်ဇံ
နိရဉ္စရာ၊ သြဂုတ် ၁၃
ပြည်ထောင်စုအရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီများ၏ ငွေကြေးရန်ပုံငွေနှင့် ငွေစာရင်းစစ်ဆေးမည်ဖြစ်ကြောင်း သြဂုတ်လ ၁၂ ရက်နေ့ ရက်စွဲ ဖြင့် နိုင်ငံရေးပါတီများကို အကြောင်း ကြားစာပေးပို့ထားကြောင်း သိရသည်။
စစ်ဆေးမည့် အထဲတွင် ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေများနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးခံနိုင်ရေးပြင်ဆင်ထားရှိရန် ပါရှိသည်။
အဆိုပါ အကြောင်းကြားစာတွင်....
''(က) ပါတီဝင်ကြေးနှင့် ပါတီလစဉ်ကြေးစာရင်း
(ခ) ပြည်တွင်းရှိ နိုင်ငံသားတစ်ဦးချင်းအဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ၊ နိုင်ငံသားပိုင် ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီအစုအဖွဲ့ကဖြစ်စေ ၎င်းတို့တရားဝင်ရရှိထားသော ငွေကြေး ပစ္စည်းများထဲမှ ပါတီသို့ လှူဒါန်းထည့်ဝင်သည့် ငွေကြေးနှင့်ပစ္စည်းစာရင်း
(ဂ) ပါတီပိုင်စီးပွားရေးလုပ်ငန်းများမှ တရားဝင်ရရှိသောငွေနှင့် အမြတ်အစွန်းရရှိမှု
(ဃ) ပါတီပိုင်ရန်ပုံငွေ၊ ပါတီ၏ရငွေ သုံးငွေစာရင်း၊ (င) ပါတီပိုင်စာရင်း၊ ပါတီကဝယ်ယူရရှိထားသော ပစ္စည်းစာရင်း၊
( စ ) ပါတီစည်းရုံးရေးအတွက် ပါတီစည်းမျဉ်းနှင့်အညီ ကျခံသုံးစွဲသော အသုံးစရိတ်
(ဆ) လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးစီအတွက် ပါတီရန်ပုံငွေမှ ကျခံသုံးစွဲသောရွေး ကောက်ပွဲအသုံးစရိတ်စာရင်း စသည်တို့ကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၅၊ ၁၆ နှင့် နည်းဥပဒေ ၁၉၊ ၂၁တို့အရ စနစ်တကျပြုစု၍ စာရင်းစာအုပ်များ၊ မှတ်တမ်းစာအုပ်များ၊ အထောက်အထားများ ထားရှိဆောင်ရွက်ကြရပါမည်''ဟု ပါရှိပြီး စစ်ဆေးမည့်နေ့ကို ထပ်မံအသိပေးသွားမည်ဟုလည်း ဖော်ပြထားသည်။
အဆိုပါ အကြောင်းကြားစာပေးပို့မှုနှင့် ပတ်သက်၍ ရခိုင်အမျိုးသား ပါတီ(ANP)၏ အထွေထွေအ တွင်းရေးမှူး ဦးခိုင်ပြည်စိုးကို နိရဉ္စရာ သတင်းဌာက ဆက်သွယ်မေးမြန်းရာ ရခိုင်အမျိုးသားပါတီသို့ အကြောင်းကြားစာမရောက်ရှိသေးကြောင်းသိရသည်။
'' ကျနော်တို့ဆီကိုတော့ စာမရောက်သေးဘူး။ ကျနော် အဲဒီစာကိုလည်း မဖတ်ရသေးတော့ ဘယ်လိုမျိုးဆိုတာလည်း မသိသေးပါဘူး'' ဟု ဦးခိုင်ပြည်စိုးကပြောသည်။
လက်ရှိ အိမ်စောင့်အစိုးရကဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် ရွေးကောက်ပွဲ ဆိုင်ရာဥပဒေများနှင့်ကိုက်ညီမှု မရှိသည့်အပြင် လွတ်လပ်၍ တရားမျှတမှု မရှိသောရွေးကောက်ပွဲ ဖြစ်ကြောင်းတွေရှိရသဖြင့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ကြောင်း ဇူလိုင်လ (၂၆) ရက်စွဲ ဖြင့် ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ နိုင်ငံရေး ပါတီများ၏ ငွေစာရင်းများကို စစ်ဆေးရန် စီစဉ်လာခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ