ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

မဲ(၂)ကြိမ်ထည့်သည်ဟုဆိုကာ အမ်းမြို့မှ အမျိုးသမီးတစ်ဦး တရားစွဲဆိုခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.2k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၇ / ၂၀၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့မှ အမျိုးသမီးတစ်ဦးသည် ပြီးခဲ့သည့် ၂ဝ၂ဝ ရွေးကောက်ပွဲအတွင်း မဲ (၂)ကြိမ်ထည့်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည်ဟု သတင်းရရှိသည်။
တရားစွဲဆိုခံရသည့် အမျိုးသမီးမှာ အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်မှဖြစ်ပြီး ၂၀၂ဝ ရွေးကောက်ပွဲတွင် အမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲ ၂ ကြိမ်ပေးသည့်စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ ရှေ့နေ ကိုကျော်ဆန်းနိုင်က နိရဥ္စရာကို ပြောသည်။
“ဘယ်နေ့ကစပြီးစွဲတာလဲတော့ အတိအကျမသိဘူး။ နည်းနည်းတော့ကြာနေပြီ။ မဲ ၂ ခါပေးတယ်ဆိုပြီး တရားလိုဘက်က စွဲဆိုထားတာ”ဟုပြောသည်။
တရားစွဲခံထားရသူ၏အမည်နှင့် အသက်ကို ထုတ်ဖော်မပြောလိုဟုလည်း ရှေ့နေက ဆိုသည်။
အဆိုပါအမျိုးသမီးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁(စ)ဖြင့် အမ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဦးစီးမှူး ဦးသူရိန်ထွန်းက တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်ဟု ဆက်ပြောသည်။
၄င်းတို့ကို လာမည့်ဖေဖော်ဝါရီလ ၉ ရက်တွင် အမ်းမြို့နယ်တရားရုံး၌ ရုံးချိန်းခေါ်ယူထားပြီး ယင်းနေ့တွင် တရားလိုကို စစ်ဆေးသွားမည်ဟု သိရသည်။
ရာဇသတ်ကြီးပုဒ်မ ၁၇၁(စ)သည် ထောင်ဒဏ် (၁)နှစ်ဖြစ်စေ၊ ငွေဒဏ်တစ်ရပ်ရပ်ဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း သိရသည်။
ပြီးခဲ့သည် ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက် (၈)တွင်နေထိုင်သည့် ရခိုင်အမျိုးသမိီး ၃ ဦးသည်လည်း ပြီးခဲ့သည့်ရွေးကောက်ပွဲအတွင်း မဲ (၂)ကြိမ်ထည့်သည့် စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံနေရသည်ဟု သိရသည်။
ဓာတ်ပုံ - ၂ဝ၂ဝ ရွေးကောက်ပွဲအတွင်း မဲထည့်နေသည့် ရခိုင်သူတစ်ဦးအားတွေ့ရစဉ်။ Photo - သျှင်မင်းဇံ / နိရ ဉ္စရာ

ဆက်စပ် သတင်းများ