သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မဲ ၂ ကြိမ်ထည့်သည်ဟုဆိုကာ တရားစွဲခံခဲ့ရသော အမ်းမြို့မှ အမျိုးသမီး ဒဏ်ငွေကျပ် ၁ သိန်းချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 877

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၉ /၂၀၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ပြီးခဲ့သည့် ၂ဝ၂ဝ ရွေးကောက်ပွဲအတွင်း မဲ ၂ ကြိမ်ထည့်ခဲ့သည်ဟုဆိုကာ တရားစွဲခံခဲ့ရသည့်အမျိုးသမီးသည် ယနေ့တွင် ဒဏ်ငွေကျပ် ၁ သိန်းချမှတ်ခံရပြီးနောက် အမှုမှ လွတ်မြောက်လာခဲ့သည်ဟု သိရသည်။
အမှုမှလွတ်မြောက်လာသူမှာ အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်မှ ဒေါ်မစိန် (၅ဝ နှစ်ခန့်)ဖြစ်သည်။
သူမသည် မဲ ၂ ကြိမ်ထည့်ခဲ့သည်ဟု ယနေ့ ဖေဖော်ဝါရီလ ၉ ရက်တွင်ဝန်ခံသဖြင့် အမ်းမြို့နယ်တရားရုံးက ဒဏ်ငွေကျပ် ၁ သိန်းအမိန့်ချခဲ့ပြီးနောက် အမှုမှ လွတ်မြောက်လာခြင်းဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ဆန်းနိုင်က နိရဥ္စရာကို ပြောသည်။
"ဒီနေ့အမှုပြီးသွားပြီ။ သူက မဲနှစ်ကြိမ်ထည့်တယ်လို့ဝန်ခံခဲ့တယ်။ မဲထည့်ဖို့ သူ့ဆီကို စာရွက် ၂ ရွက် ရောက်လာလို့ ထည့်လိုက်တာလို့ပြောတယ်။ ဒဏ်ငွေ ၁ သိန်း ဆောင်ရတယ်"ဟုပြောသည်။
ဒေါ်မစိန်သည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁(စ)ဖြင့် အမ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဦးစီးမှူး ဦးသူရိန်ထွန်းက တရားလိုလုပ်ကာ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ပုဒ်မ ၁၇၁(စ)သည် ထောင်ဒဏ် (၁)နှစ်ဖြစ်စေ၊ ငွေဒဏ်တစ်ရပ်ရပ်ဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း သိရသည်။
ပြီးခဲ့သည် ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက် (၈)တွင်နေထိုင်သည့် ရခိုင်အမျိုးသမီး ၃ ဦးသည်လည်း ၂ဝ၂ဝ ရွေးကောက်ပွဲအတွင်း မဲ ၂ ကြိမ်ထည့်သည့်စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံနေရသည်ဟု သိရသည်။
ဓာတ်ပုံ - ၂ဝ၂ဝ ရွေးကောက်ပွဲအတွင်း မဲလာထည့်နေသည့် ရခိုင်အမျိုးသမီးတစ်ဦးအားတွေ့ရစဉ်။ Photo - သျှင်မင်းဇံ/နိရ ဉ္စရာ

ဆက်စပ် သတင်းများ