ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မဲနှစ်ကြိမ်ပေးမှုဖြင့် နောက်ထပ် ရန်ကုန်ရောက်ရခိုင်အမျိုးသမီးတစ်ဦး ဒဏ်ငွေ ၁ သိန်း ချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.6k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၁/ ၂ဝ၂၂
မဲနှစ်ခါထည့်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲခံထားရသည့် ရန်ကုန်ရောက် ရခိုင် အမျိုးသမီး ၃ ဦးအထဲက နောက်ထပ်တစ်ဦးသည် ယနေ့တွင် ဒဏ်ငွေ ၁ သိန်းချမှတ်ခံရသည်ဟု သိရသည်။
ဒဏ်ငွေ ၁ သိန်းချမှတ်ခံလိုက်ရသူမှာ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် (၈)ရပ်ကွက်တွင်နေထိုင်သည့် ပုဏ္ဏားကျွန်းမြို့နယ်ဇာတိဖြစ်သူ မဝင်းမေ(၂၈ နှစ်)ဖြစ်သည်။
သူမကို ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မဲမသာမာမှု ၁၇၁(စ)ဖြင့် ရွှေပြည်သာတရားရုံးက ဒဏ်ငွေချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါအမှုအား လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ရခိုင်လူမှုရေးလှုပ်ရှားသူ ကိုမင်းစောမင်းက “မနန်းစိုးလိုပဲ သူ့ကိုလည်း ဒဏ်ငွေတစ်သိန်းနဲ့ ပြန်လွှတ်ပေးတာပါ” ဟုပြောသည်။
သူမသည် လွန်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲ ၂ ခါထည့်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလက တစ်ရပ်ကွက်တည်းနေ ပေါက်တောမြို့နယ်ဇာတိ မနန်းစိုးခိုင်နှင့်အတူ မဲမသာမှုပုဒ်မ ၁၇၁(စ)ဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
ယင်းနောက် မနန်းစိုးခိုင်အား ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်တရားရုံးက ဒဏ်ငွေ ၁ သိန်းချမှတ်ခဲ့သည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ လေယာဉ်ကွင်းရပ်ကွက်မှ ဒေါ်မစိန်အသက် (၅၀ နှစ်)ကိုလည်း ၂ဝ၂ဝ ရွေးကောက်ပွဲတွင် မဲနှစ်ခါထည့်မှုဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် အမ်းမြို့နယ်တရားရုံးက ဒဏ်ငွေကျပ် ၁ သိန်း ချမှတ်ခဲ့သည်။

ဆက်စပ် သတင်းများ