သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

လာမည့်ရွေးကောက်ပွဲအတွက် ရခိုင်တွင် လူဦးရေစာရင်း စတင်ပြုစုနေပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 5k

နိရဥ္စရာ၊ ဇူလိုင် ၇ / ၂ဝ၂၂
လာမည့်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်တွင် လူဦးရေစာရင်းကို စတင်ပြုစုနေပြီဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) အတွင်းရေးမှူး ဦးသူရိန်ထွဋ်က နိရဥ္စရာကို ပြောသည်။
“လောလောဆယ် ကိုယ်တောင် လူဦးရေစာရင်းပဲ လုပ်နေတုန်းရှိသေးတယ်။ လုပ်ငန်းက ဘာမှကို ဥပဒေက သတ်မှတ်ထားတဲ့အလုပ်တွေက မလုပ်ရသေးဘူးအခုချိန်ထိ။ အဲဒီအလုပ်တွေလုပ်ဖို့ ပြင်ဆင်တဲ့အခြေအနေပဲရှိသေးတယ်”ဟု ပြောသည်။
ယင်းသို့ပြုစုရာတွင် အိမ်ထောင်စုတစ်ခုအတွင်း သေဆုံးသွားသူများ၏အမည်များကို ပယ်ဖျက်ခြင်းမရှိသေးသည်များကို ပယ်ဖျက်ခြင်းတို့လည်း ပါဝင်သည်ဟု သူက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းသည် ရခိုင်ပြည်နယ်သို့ရောက်ရှိလာပြီး ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူမှုအခြေအနေ၊ မဲစာရင်းပြုစုရေးကိစ္စတို့အပါအဝင် PR စနစ်အကြောင်းတို့ကို ရခိုင်ပြည်နယ်အစိုးရအပါအဝင် ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းများကို ပြောကြားခဲ့သည်ဟု စစ်ကောင်စီပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။
ယင်းနောက်ပိုင်း ဇူလိုင်လ ၁ ရက်မှစတင်ကာ ရခိုင်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကို PR စနစ်နှင့်ပတ်သက်ပြီး ကော်မရှင်တာဝန်ရှိသူတို့က သင်တန်းပို့ချနေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
ယင်းသတင်းနှင့်ပတ်သက်ပြီး နိရဥ္စရာက ဆက်လက်မေးမြန်းရာ အဆိုပါသတင်းမှာ မဟုတ်မှန်ဟု ဦးသူရိန်ထွဋ်က ငြင်းဆိုသည်။
မြန်မာနိုင်ငံတွင် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီက မဲမသာမှုဖြင့်အနိုင်ရယူခဲ့သည်ဟုဆိုကာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းခဲ့သည်။
ယင်းနောက် လာမည့် ၂ဝ၂၃ ခုနှစ်၊ သြဂုတ်လတွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲပြန်လည်ကျင်းပမည်ဟုလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အာဏာသိမ်းခဲ့ချိန်မှစတင်ကာ ယခုအချိန်ထိ အာဏာသိမ်းမှုကို ဆန့်ကျင်သူများနှင့် စစ်ကောင်စီတပ်တို့အကြား ပဋိပက္ခများနှင့် တိုင်းပြည်မငြိမ်မသက်မှုများဖြစ်ပေါ်နေချိန်ဖြစ်သည်။
ယခုကဲ့သို့ တိုင်းပြည်တည်ငြိမ်မှုမရှိဖြစ်နေချိန်တွင် ရွေးကောက်ပွဲပြုလုပ်ရန်လုပ်ဆောင်နေသည်မှာ စစ်ကောင်စီဥက္ကဋ္ဌအနေဖြင့် နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် ထွက်ပေါက်ရှာခြင်းသာဖြစ်ပြီး ရွေးကောက်ပွဲဖြစ်/မဖြစ်ဆိုသည်မှာ ပြည်သူများအပေါ်သာ မူတည်သည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၏ ပြောခွင့်ရသူ ဦးမြတ်ထွန်းက ထောက်ပြသည်။
“အခုက လူ့အခွင့်အရေးချိုးဖောက်တယ်။ စစ်ရာဇဝတ်မှုကျူးလွန်တယ်အဲလိုလုပ်နေတဲ့ကဏ္ဍအပိုင်းမှာ သူတို့က ဒီလို ထွက်ပေါ်တစ်ခုရှာတဲ့အနေနဲ့ ရွေးကောက်ပွဲကိုဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ စီစဉ်နေတယ်။ ဆောင်ရွက်နေတယ်။ ပြောရမယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲဖြစ်နိုင်မယ်၊ မဖြစ်နိုင်ဘူးဆိုတာကတော့ ပြည်သူအပေါ်မှာပဲ မူတည်တယ်လို့ ပြောချင်ပါတယ်”ဟု သုံးသပ်သည်။
၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေရွေးကောက်ပွဲကြီးပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့သည့် မြို့နယ် (၉)မြို့နယ်အပါအဝင် မြို့နယ် (၄)ခုမှ ရပ်ကွက် (၁၅)ခုနှင့် ကျေးရွာအုပ်စု ၁ဝဝ ကျော်တို့တွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့ဟု သိရသည်။
ရခိုင်တစ်ပြည်လုံး၏ ၇၅ ရာခိုင်နှုန်းကို NLD အစိုးရက ရွေးကောက်ပွဲကျင်းပခွင့်မပေးခဲ့ခြင်းဖြစ်သည်။
ရခိုင်တွင် ရွေးကောက်ပွဲကျင်းပဖြစ်ခဲ့သည့်နေရာများတွင် လွှတ်တော်(၃)ရပ်အတွက် ရခိုင်အမျိုးသားပါတီက (၁၅) နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၈) နေရာ၊ ရခိုင့်ဦးဆောင်ပါတီက (၃) နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက (၂) နေရာ အသီးအသီး အနိုင်ရရှိခဲ့ကြသည်။
ယင်းအနက် ရခိုင်အမျိုးသားပါတီ အနိုင်ရရှိခဲ့သည့်နေရာ (၁၅)ခုမှာ အမျိုးသားလွှတ်တော် (၄)နေရာ၊ ပြည်သူ့လွှတ်တော် (၄)နေရာနှင့် ပြည်နယ်လွှတ်တော် (၇)နေရာတို့ဖြစ်ပြီး လွှတ်တော်နေရာအများဆုံး အနိုင်ရရှိခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အမျိုးသားလွှတ်တော် (၁)နေရာ၊ ပြည်သူ့လွှတ်တော် (၂)နေရာ၊ ပြည်နယ်လွှတ်တော် (၄) နေရာနှင့် ချင်းတိုင်းရင်းသားရေးရာလွှတ်တော်(၁)နေရာ အနိုင်ရရှိခဲ့သည်။
ရခိုင့်ဦးဆောင်ပါတီသည် ပြည်သူ့လွှတ်တော် (၁)နေရာနှင့် ပြည်နယ်လွှတ်တော် (၂)နေရာ အနိုင်ရရှိခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့လွှတ်တော် (၁)နေရာနှင့် ပြည်နယ်လွှတ်တော်(၁)နေရာ အနိုင်ရရှိခဲ့သည်။ (NN-2)
ဓာတ်ပုံ - ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ရခိုင်မှ မဲထည့်နေသူတစ်ဦးကို တွေ့ရစဉ်။

ဆက်စပ် သတင်းများ