အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ရမ်းဗြဲ ကျောက်နီမော်ရွာတွင် နှစ်ပေါင်း(၂ဝဝ)ကျော်သက်တမ်းရှိ ဘိုးဘွားပိုင်အသုံးအဆောင်ပစ္စည်းအချို့ကို ရောင်းချမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.2k


ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၆/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မိသားစုဘိုးဘွားလက်ထက်မှ နှစ်ပေါင်း (၂ဝဝ)ကျော်သက်တမ်းရှိ အသုံးအဆောင်ပစ္စည်းအချို့ကို ရောင်းချမည်ဟု ပိုင်ရှင်ဖြစ်သူက ပြောသည်။
ရောင်းချမည့်ပစ္စည်းများမှာ အရေအတွက်(၁၉)ခုခန့်ရှိပြီး လူသုံးကုန်ပစ္စည်းများဖြစ်သည့် ကွမ်းညှပ်၊ ရေဇလား၊ ခွက်နှင့် ဇွန်းတို့အပြင် ကြာပန်းအဖူး(၁)ဖူးလည်း ပါဝင်ကြောင်း သူက ဆက်ပြောသည်။
ပိုင်ရှင်ဖြစ်သူ အသက် ၈၄ နှစ်အရွယ် ဦးသန်းစိန်အောင်က “အဖိုးမိန်းမရဲ့အမေတို့ဖက်က ဘိုးဘွားလက်ထက်ကတည်းပစ္စည်းတွေပါ။ နှစ်ပေါင်း ၂ဝဝ ကျော်ရှိရောပေါ့။ ကြေးဝါ၊ ကြေးပုတ်တွေပါတယ်။ ပစ္စည်းတချို့က ခြစ်လိုက်ရင် အထဲကဝင်းလာပြီး ခဏနေရင် ပြန်ပျောက်သွားတယ်။ တကယ်လို့ ရှေးဟောင်းသုတေသနကသာဝယ်မယ်ဆိုရင် လျှော့စျေးနဲ့ရောင်းပေးပါမယ်။ စျေးကို သတ်မှတ်ထားတာတော့ မရှိသေးပါဘူး”ဟု ပြောသည်။
အဆိုပါပစ္စည်းများမှာ ရှေးဟောင်းပစ္စည်းများဖြစ်သည့်အတွက်ဟုဆိုကာ စက်တင်ဘာ ၄ ရက်မှစတင်ကာ ရောင်းချရန်ကြော်ငြာထားခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာ ၆ ရက်အထိ ဝယ်ယူရန် ဆက်သွယ်လာသူ မရှိသေးဟု သိရသည်။
ရခိုင်ပြည်နယ်ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်ခင်က အဆိုပါပစ္စည်းများတွင် ရှေးဟောင်းပစ္စည်းများနှင့် ရှားပါးပစ္စည်းများပါဝင်ပါက ရှေး/သုဌာနက စစ်ဆေးကာ ဝယ်ယူသွားမည်ဟု နိရဥ္စရာကို ပြောသည်။
“တကယ်လို့ အဲဒီပစ္စည်းတွေက နှစ်ပေါင်း ၁ဝဝ အနည်းဆုံးရှိတယ်ဆိုရင် စစ်ဆေးပြီးတော့ ဆရာတို့စုဆောင်းထားတဲ့ဟာထဲ မရှိသေးတဲ့ ပစ္စည်းတွေဆိုရင် စျေးနှုန်းထိုက်ထိုက်တန်တန်နဲ့ ဝယ်ယူပါတယ်။ ကြည့်ပြီးဆုံးဖြတ်မှာပေါ့။ ဦးလေးတို့နဲ့ဆက်သွယ်လာရင်ပေါ့။ အပြင်မှာရောင်းစားပိုင်ခွင့်မရှိဘူး။ ရှေးဟောင်းပစ္စည်း ကာကွယ်ထိန်းသိမ်းရေး ဥပဒေဆိုတာရှိတယ်။ ပြစ်မှု၊ ပြစ်ဒဏ်ရှိတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်လက်ထက်ဖြစ်သည့် ၂ဝ၁၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်က ပြဋ္ဌာန်းလိုက်သည့် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ အခန်း (၁)ရှိ ပုဒ်မ (၂)၊ ပုဒ်မခွဲ(က)တွင် “ရှေးဟောင်းဝတ္ထုပစ္စည်းဆိုသည်မှာ မြေပေါ်တွင်ဖြစ်စေ၊ မြေအောက်တွင်ဖြစ်စေ၊ ရေပေါ်တွင်ဖြစ်စေ၊ ရေအောက်တွင်ဖြစ်စေ နှစ်ပေါင်း ၁ဝဝ နှင့်အထက် သက်တမ်းရှိသည့် ကျောက်ဖြစ်ရုပ်ကြွင်းများအပါအဝင် လူသားတို့ပြုလုပ်သုံးစွဲခဲ့သော အရာဝတ္ထုပစ္စည်းများကိုဆိုသည်”ဟု ဖော်ပြထားသည်။
အဆိုပါဥပဒေ၏ အခန်း (၈) ပြစ်မှုနှင့် ပြစ်ဒဏ်များခေါင်းစဉ်အောက်ရှိ ပုဒ်မ(၁၇)တွင် “မည်သူမဆို ရှေးဟောင်းဝတ္ထုပစ္စည်းကို စီးပွားရေးအလို့ငှာ ရောင်းချရန်ရည်ရွယ်ချက်ဖြင့် စုဆောင်းထားရှိခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း သို့မဟုတ် ဝယ်ယူခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးနှစ်နှစ်မှ အများဆုံးငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ့်ငါးသိန်းမှ အများဆုံး ကျပ်သိန်းသုံးဆယ်အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သည့် သက်သေခံရှေးဟောင်းဝတ္ထုပစ္စည်းကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်”ဟုလည်း ဖော်ပြထားသည်။
Photo - Zaw Myo Thet

ဆက်စပ် သတင်းများ