ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြောက်ဦးမြို့တည် နှစ်ပေါင်း ၅၉၁ နှစ်ပြည့် အထိမ်းအမှတ် လေးမျက်နှာပုထိုးတွင် ဆီမီးထွန်းပူဇော်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.2k

သျှင်မင်းဇံ
နိရဥ္စရာ၊ စက်တင်ဘာ ၆/၂၀၂၁
ရခိုင်ရှေးဟောင်းသမိုင်းဝင် မင်းနေပြည်တော်တစ်ခုဖြစ်သည့် မြောက်ဦးမြို့ကို တည်ထောင်ခဲ့သော နှစ်ပေါင်း ၅၉၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြောက်ဦးမြို့ လေးမျက်နှာပုထိုးတွင် ယနေ့ည ဆီမီးထွန်းပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဆီမီးထွန်းပူဇော်ပွဲကို မြောက်ဦးရှိ အရပ်ဘက်အဖွဲ့အစည်းအချို့ ပူးပေါင်းကာ ယနေ့ စက်တင်ဘာ ၆ ရက် ည ၆ နာရီအချိန်တွင်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု ပွဲကျင်းပရာတွင်ပါဝင်သည့် မြောက်ဦးလူငယ်များအစည်းအရုံး ဥက္ကဋ္ဌ ကိုခိုင်မင်းသျှင်က နိရဥ္စရာသို့ ပြောသည်။
“ကျနော်တို့က မြောက်ဦး ၅၉၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့လေးမျက်နှာဘုရားမှာ ဆီမီးထွန်းတယ်။ ပြီးတော့ ကဗျာရွတ်ပွဲလုပ်ပါတယ်။ ဝမ်းသာမိပါတယ်။ မြို့အသက်ကလည်း ၅၉၁ နှစ် ပြည့်ပေါ့။ လူတွေလည်း မထင်မှတ်ဘဲ အများကြီး ရောက်လာကြတော့ ပိုပြီးတော့ ဝမ်းသာစရာကောင်းပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် တိုက်ပွဲကာလအတွင်း အဆိုးရွားဆုံးအခြေအနေများကို ခံစားခဲ့ရသည့် မြောက်ဦးသည် ယခုအချိန်တွင် တိုက်ပွဲများငြိမ်သက်နေသော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ယခုပွဲကို အကျဉ်းရုံးသာ လုပ်ခွင့်ရခဲ့သည်ဟုလည်း သိရသည်။
ယခုပွဲလုပ်ခြင်းနှင့်ပတ်သက်ပြီး ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက “မြောက်ဦးကို ရခိုင်အမျိုးသားတွေရဲ့နှလုံးသားထဲမှာ ဘယ်လိုတန်ဖိုးထားသလဲဆိုတဲ့အချက်ကို ခိုင်ခိုင်မာမာမြင်ရတယ်။ နောက် ၉ နှစ်ဆိုရင် အနှစ် ၆ဝဝ ပြည့်မယ်။ နှစ် ၆ဝဝ ပြည့်ကို ခမ်းခမ်းနားနား ကျင်းပချင်တယ်ဆိုတဲ့စိတ်ဆရာ့မှာလည်း ရှိတယ်။ ဆရာတို့လိုရခိုင်သမိုင်းကို လေ့လာတဲ့လူတွေမှာ အဲလိုစိတ်ရှိသလို ရခိုင်လူထုအားလုံးမှာရှိတယ်။ အခုကတည်းက နှစ် ၆ဝဝ ပြည့်ကို ကျင်းပဖို့အတွက် ပြင်ဆင်သွားကြရင် ဘယ်လောက်ကောင်းမလဲလို့ အကြံပြုချင်တယ်။ ဒီနေ့ လူငယ်တွေလုပ်တဲ့ အထိမ်းအမှတ်ပွဲဟာလည်း အင်မတန်ကောင်းပါတယ်။ မြောက်ဦးကြောင့် ရခိုင်ဆိုတာကို ကမ္ဘာက သိကြတယ်”ဟု နိရဥ္စရာသို့ ပြောသည်။
မြောက်ဦးမြို့ကို ကောဇာသက္ကရာဇ် ၇၉၂ ခုနှစ်တွင် ရခိုင်ဘုရင် မင်းစောမွန်က စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် ရခိုင်ဘုရင် မဟာသမ္မတရာဇာမင်းလက်ထက်၌ ဘုရင်ဘိုးတော်ဘုရား၏တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီးနောက် မြောက်ဦးမင်းနေပြည်တော်လည်း ကျရှူံးခဲ့ရသည်။
ဓာတ််ပုံ - ခိုင်မင်းသျှင်

ဆက်စပ် သတင်းများ