ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မြောက်ဦးတွင်ကျုံးများကို ပိတ်ဆို့မြေတိုးချဲ့နေမှုကြောင့် ကမ္ဘာအမွေအနှစ်စာရင်းဝင်ရေး အခက်တွေ့နိုင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.4k

သဥ္ဇာနွယ်

နိရဥ္စရာ၊ စက်တင်ဘာ ၁၇ / ၂၀၂၁

ရခိုင်တို့၏ရှေးဟောင်းသမိုင်းဝင်မြောက်ဦးမြို့ ရှေးဟောင်းမွေအနှစ်မြေများပေါ်တွင် မြေတိုးချဲ့ ပြီး အဆောက်အဦများ ဆောက်လုပ်နေမှုကြောင့် ကမ္ဘာအမွေအနှစ်စာရင်းဝင်ရေး အခက်တွေ့နိုင်သည်ဟု မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက နိရဥ္စရာကို ပြောသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းဖို့ မြောက်ဦးမြို့ကို ကျမတို့လုပ်ဆောင်နေချိန်မှာ လက်ရှိရှိနေတဲ့ မြောက်ဦးမြို့ရဲ့ အခြေအနေ တော်တော်ကိုဆိုးဝါးနေပါတယ်။ တောင်တွေကိုဖြိုမှုတွေ၊ အဲဒီ တောင်တွေဟာ ကျမတို့ သဘာဝ တံတိုင်းတွေအဖြစ်နဲ့ ကာကွယ်ရေးကိုအခြေပြုပြီး တည်ခဲ့တဲ့ မြို့ဖြစ်တဲ့အတွက် တောင်က တံတိုင်းတွေဖြစ်တယ်။ သဘာဝအမွေအနှစ်တွေဖြစ်တဲ့ တောင်တွေကို ဘတ်ဟိုးတွေနဲ့တူးတယ်။ ဒါကြောင့် နဂိုရှိနေတဲ့တောင်တွေကို ဒီနေရာမှာ ရှိခဲ့တယ်လို့တောင် ပြစရာမရှိတော့ဘူး။ တောင်တွေကိုတူးပြီး ထွက်လာတဲ့ မြေတွေကို ကျူံးတွေမှာဖို့ပြီးရင် ဆိုင်ခန်းတွေ ဆောက်ကြတယ်။ တစ်နှစ်အတွင်းမှာ မြင်ကွင်းတွေ ပြောင်းလဲ သွားတယ်။ တော်တော်များများ ကျူးကျော်တာက ဘုန်းကြီးကျောင်းတွေ အများကြီးဆောက်တာဟု ပြောသည်။

လက်ရှိ အချိန်ထိ မြောက်ဦးမြို့ရှိ တောင်များကို တူးပြီး ကျုံးများကို ဖို့ခြင်း၊ ဆိုင်ခန်းငယ်များ ဆောက်လုပ်ခြင်း၊ ဘုန်းကြီးကျောင်းများဆောက်လုပ်ခြင်း၊ ကျုံးများကို တူးပြီး မြေဖို့ခြင်းများ ပြုလုပ်နေကြကြောင်း၊ ရှေးဟောင်းအမွေအနှစ်မြေနေရာများတွင် မြေကျူးကျော်သူများ၊ အဆောက်အအုံဆောက်သူများနှင့် မြေတူးမှုများကို သက်ဆိုင်ရာသို့ အသိပေးမှုများရှိခဲ့သော်လည်း တုံ့ပြန်မှုများ မရှိခဲ့ကြောင်း သူမက ဆက်ပြောသည်။

မြောက်ဦးမြို့နယ်တစ်ခွင်လုံးသည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများဖြစ်နေသည့်အတွက် အရေးမကြီးသည့်နေရာများတွင် ဘာသာရေးအဆောက်အအုံများဆောက်၍ရသော်လည်း ရှေးဟောင်း ယဉ်ကျေးမှုမြေနေရာများဖြစ်ပါက ုံးဝ အဆောက်အဦး မဆောက်သင့်ဟုလည်း မြောက်ဦးမြို့ရှိ သာသနာလင်္ကာရကျောင်းမှ ဦးကေသာရက နိရဥ္စရာကို မိန့်သည်။

ဘာသာရေးကျောင်းတွေဆိုတာလည်း ဒီနိုင်ငံမှာ လိုအပ်ပါတယ်။ ဆောက်မယ်ဆိုရင်တောင် ခွင့်ပြုချက်ရမှ ဆောက်ရမှာ။ မဆောက်ခင်ကတည်းက ခွင့်ပြုချက်လိုပါတယ်။ ဆောက်ပြီးသွားရင် ပြန်ဖြိုဖို့ကလည်း မလွယ်တော့ဘူး။ တချို့ဘုန်းကြီးကျောင်းတွေက ရှိတာလေးတွေနဲ့ ဆောက်ထားတာတွေဆိုတော့လေဟု ပြောသည်။

လက်ရှိတွင် ရခိုင်တစ်မျိုးသားလုံးက တန်ဖိုးထားရမည့် ရှေးဟောင်းသမိုင်းဝင်မြို့တော် မြောက်ဦးမြို့ကို ကမ္ဘာအမွေ အနှစ် စာရင်းဝင်နိုင်ရန်အတွက် အဆိုပြုလွှာမူကြမ်းကို ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့က ပြင်သစ်နိုင်ငံသို့တင်သွင်းခဲ့ပြီးဖြစ်ပြီး စက်တင်ဘာလ ဒုတိယအပတ်တွင် ရောက်ရှိသွားပြီဟု သိရသည်။

အဆိုပြုလွှာမူချောကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ်တင်သွင်းပြီးနောက် ယူနက်စကိုအဖွဲ့ ာဝန်ရှိသူများက ၂၀၂၃ ခုနှစ်တွင် ကွင်းဆင်းစစ်ဆေးကာ မြောက်ဦးကို ကမ္ဘာဝင်နိုင်အမွေအနှစ် စာရင်း ဝင်နိုင် /မဝင်နိုင်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယူနက်စကိုအဖွဲ့က မြောက်ဦးသို့ကွင်းဆင်းလာရောက်မစစ်ဆေးမီ မြေပြင်တွင်လက်ရှိ ဖြစ်ပျက် နေသည့် ဖြေရှင်း၍ မရသေးသော ယခုကိစ္စရပ်များကို သက်ဆိုင်ရာက အလျင်အမြန် ကြိုတင် ဖြေရှင်းထားသင့်သည်ဟုလည်း မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီနှင့် ရှေးဟောင်းအမွေအနှစ်ချစ်မြတ်နိုးသူများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရှေးဟောင်းသုတေသနဌာနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းက ဒီလို ကျူးကျော်တဲ့ လက်ရှိ အနေအထားက ကျနော်တို့ ရှေးသုအနေနဲ့ ဖြေရှင်းရခက်တယ်။ သက်ဆိုင်ရာဌာနတွေက ဝင်ရောက် ဖြေရှင်းမယ်ဆိုရင် ထိန်းချုပ်နိုင်မယ်ထင်ပါတယ်။ ဒေသရဲ့ ဖွံ့ဖြိုးမှုနဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမှုအပိုင်းမှာ အားလုံးပူးပေါင်းပါဝင်မှ အဆင်ပြေမဲ့ကိစ္စလို့ထင်ပါတယ်ဟု ပြောသည်။

မြောက်ဦးမြို့ကို အေဒီ ၁၄၃၀  ခုနှစ်တွင် ရခိုင်ဘုရင် မင်းစောမွန်က စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၄ နှစ်တိုင်အောင်  ရခိုင်ဘုရင်အဆက်ဆက်ထီးနန်းစိုးစံအုပ်ချုပ်ခဲ့ပြီး ကြီးကျယ် ခန်းနားခဲ့သည့် မင်းနေပြည်တော် တစ်ခုအဖြစ် ထင်ရှားခဲ့သည်။

အေဒီ ၁၇၈၄ ခခုနှစ်တွင် ရခိုင်ဘုရင် မဟာသမ္မတရာဇာမင်းလက်ထက်၌ ဗမာ ဘုရင်ဘိုးတော်ဘုရား၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီးနောက် မြောက်ဦးမင်းနေပြည်တော်လည်း ကျဆုံးခဲ့ရသည်။

 ယင်းကဲ့သို့ မြောက်ဦးမြို့ရှိ တန်ဖိုးဖြတ်မရသည့် ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်များကို အရှည်တည်တံ့နိုင်အောင် ထိန်းသိမ်းရန်လိုအပ်သောကြောင့် မြောက်ဦးကိ ကမ္ဘာအမွေ အနှစ်စာရင်းဝင်ရန် ကြိုးပမ်းနေရခြင်းဖြစ်သည်ဟုလည်း ယူနက်စကိုစာရင်းဝင်ရေး ကြိုးပမ်း နေသူများက ပြောသည်။

ဆက်စပ် သတင်းများ