ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကမ္ဘောဒီးယားရှေးဟောင်းပစ္စည်း ၅ ခု ဗြိတိန်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.8k

အောက်တိုဘာ ၁ ရက်(နိုင်ငံတကာ)

ပျောက်ဆုံးနေသည့် ကမ္ဘောဒီးယားရှေးဟောင်းပစ္စည်း ၅ ခုသည် ဗြိတိန်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်းဆင်ဟွာသတင်းအရသိရသည်။

စက်တင်ဘာ ၃၀ ရက်က ကမ္ဘောဒီးယားပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်ကို ကိုးကားပြီး အဆိုပါသတင်းဌာက ကိုးကားဖော်ပြရာတွင်  ကွယ်လွန်သွားပြီဖြစ်သည့် ရှေးဟောင်းပစ္စည်း စုဆောင်းသူ Douglas Latchford ၏ မိသားစုက အဆိုပါ ရှေးဟောင်း ပစ္စည်းများကို  ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုသည်။

ယဉ်ကျေးမှု နှင့် အနုပညာ ဝန်ကြီးဌာန အတွင်းဝန် နှင့် ပြောရေးဆိုခွင့်ရှိသူ Hab Touch က ကနဦးအဆင့်မှာ ကမ္ဘောဒီးယားလက်ရာ ၅ ခုက စက်တင်ဘာ ၂၉ ရက် ညနေပိုင်းမှာ အမိမြေကမ္ဘောဒီးယားနိုင်ငံကို ဗြိတိန်နိုင်ငံကနေ ပြန်လည်ရောက်ရှိခဲ့ပါတယ်ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည် ဆိုသည်။

ပြန်လည်ရောက်ရှိလာသော ရှေးဟောင်းပစ္စည်း ၅ ခုတွင် Shiva နှင့် Skanda တို့၏ ကျောက်ဆစ်ရုပ် တစ်ရုပ် ၊ ယောက်ျားတစ်ပိုင်းနှင့်မိန်းမတစ်ပိုင်း ပုံ နတ်ဘုရားရုပ်တစ်ရုပ် ၊ ယောက်ျားနတ်ဘုရား ရုပ်တစ်ရုပ် ၊ Prajnaparamita ရုပ်တုတစ်ခု နှင့် ကြေးသတ္တုဖြင့် ပြုလုပ်ထားသော သင်္ဘောဦးတစ်ခုတို့ ပါဝင်သည်ဟု သိရသည်။

လက်ရှိတွင် ၎င်း ရုပ်တု၅ ခုကို အခု ဖနွမ်းပင်မြို့က အမျိုးသားပြတိုက်တွင် လုံလုံခြုံခြုံ သိမ်းထားသည်ဟု ဆိုသည်။

ယင်းရှေးဟောင်းပစ္စည်းများအား ပညာရှင်များက တန်ဖိုးဖြတ်ခြင်း ၊ သန့်ရှင်းခြင်း နှင့် ပြုပြင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်သည့်အပြင် သင့်တော်သည့်အချိန်တွင် တရားဝင်လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်ရန် ၎င်းရှေးဟောင်းပစ္စည်းများအတွက် လိုအပ်သည့် အောက်ခံခုံများ တပ်ဆင်သွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါ ရှေးဟောင်းပစ္စည်း ၅ ခုသည် ကမ္ဘောဒီးယားကျောက်တုံး နှင့် ကြေးသတ္တုများဖြင့် ပြုလုပ်ထားသော ပျောက်ဆုံးရှေးဟောင်းပစ္စည်း ၁၀၀ ကျော်ထဲက ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၈ ရက်တွင် သဘောတူညီချက် ရရှိပြီးနောက် Latchford မိသားစုက ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်ပေးရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ယဉ်ကျေးမှု နှင့် အနုပညာ ဝန်ကြီးဌာနထံမှ သိရသည်။

Latchford မိသားစုသည် သုံးနှစ်ကြာ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ပြီးနောက် ၎င်းတို့ စုဆောင်းထားသည့် အံ့မခန်းသော ရှေ့ဟောင်း ကမ္ဘောဒီးယားရှေးဟောင်းပစ္စည်းများအားလုံးကို အမိမြေသို့ ပြန် ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းယဉ်ကျေးမှုအမွေအနှစ်များသည် ၆ ရာစုခေတ်မှ အန်ကောဝတ်ခေတ်လွန်ကာလအထိ ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကျန်ရှိနေသေးသည့် ရှေးဟောင်းပစ္စည်းများသည် ကမ္ဘောဒီးယားနိုင်ငံသို့ ပုံစံအမျိုးမျိုးဖြင့် ပြန်လည်ရောက်ရှိလာမည် ဖြစ်ကြောင်း Touch က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

 

 

ဆက်စပ် သတင်းများ