သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြောက်ဦး နန်းရာကုန်းတွင် ကားဂိတ်လုပ်ရန်စီစဉ်မှု ကန့်ကွက်ခံနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.8k

သဥ္ဇာနွယ်
နိရဥ္စရာ၊ နိုဝင်ဘာ ၉ / ၂၀၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် နန်းရာကုန်း တတိယထပ်တွင် ကားဂိတ်လုပ်ရန်စီစဉ်ထားမှုသည် လက်ရှိတွင် ကန့်ကွက်ခံနေရကြောင်း သိရသည်။
မြောက်ဦးမြို့၊ ကုန်သည်တန်းရပ်ကွက်ရှိ နန်းရာကုန်းတွင် မြောက်ဦး-စစ်တွေ၊ မြောက်ဦး-မင်းပြား၊ မြောက်ဦး-ကျောက်တော်သို့ ခရီးတိုပြေးဆွဲနေကြသည့် ခရီးသည်တင်ကားများနှင့် မြို့နယ်တွင်းပြေးဆွဲနေကြသည့် သုံးဘီးယာဉ်များရပ်နားနိုင်ရန်အတွက် ကားဂိတ်တစ်ခုပြုလုပ်ရန် မြောက်ဦးရှေး/သုဌာနနှင့် မြို့နယ်စည်ပင်အဖွဲ့တို့က စီစဉ်နေသည်ဟု သိရသည်။
ရှေးဟောင်းအမွေအနှစ်နေရာဖြစ်သည့် နန်းရာကုန်းတွင် ယခုကဲ့သို့ ကားဂိတ်လုပ်မည်ဆိုပါက အလေး၊ အပေါ့များစွန့်မှုများရှိလာမည်ဖြစ်သည့် အတွက် ရှေးဟောင်းအမွေအနှစ်နေရာနှင့် လွတ်ကင်းသည့်နေရာတွင်သာ ကားဂိတ်ပြုလုပ်သင့်သည်ဟု မြောက်ဦးလူငယ်များအစည်းအရုံးမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရွှေသန်းကျော်က နိရဥ္စရာကိုပြောသည်။
“နန်းရာကုန်းမှာ ကားဂိတ်လုပ်ရင် တချို့လူတွေက အလေး၊ အပေါ့စွန့်ကြတာ မျိုးရှိတယ်။ ရှေးဟောင်းအမွေနှစ်နေရာမှာ အဲ့လိုလုပ်တာမသင့်တော်ဘူး။ ကားဂိတ်လုပ်မယ်ဆိုရင် ရှေးဟောင်းအမွေနှစ်နဲ့ ကင်းတဲ့နေရာမှာပဲ လုပ်သင့်တယ်”ဟု ပြောသည်။
ရခိုင်တစ်မျိုးသားလုံး၏ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သော မြောက်ဦးဒေသကို ယူနက်စကိုဝင်ရန်ကြိုးစားနေချိန်တွင် နန်းရာကုန်းတွင် ကားဂိတ်မလုပ်သင့်ဟုလည်း မြောက်ဦးမြို့ခံ ဦးဘညွန့်က နိရဥ္စရာကို ပြောသည်။
“ကားဂိတ်မလုပ်သင့်ဘူးလို့ထင်တယ်။ ယူနက်စကိုဝင်ဖို့ကြိုးစားနေချိန်မှာ ယာယီအဆောက်အအုံပဲဖြစ်ဖြစ်၊ ထာဝရအဆောက်အအုံပဲဖြစ်ဖြစ် တစ်ခုခုလာဆောက်ရင် မသင့်တော်ဘူးလို့မြင်တယ်”ဟု ပြောသည်။
မြောက်ဦးမြို့အတွင်း ခရီးတိုပြေးဆွဲနေကြသည့် ခရီးသည်တင်ကားများ စနစ်တကျရပ်နားကြစေရန်၊ အများပြည်သူ သွားလာရအဆင်ပြေစေရန်နှင့် စျေးဆိုင်ခန်းများ စနစ်တကျဖြစ်စေရန်အတွက် ယခုကားဂိတ်ကို ပြုလုပ်ရန် စီစဉ်ရခြင်းဖြစ်သည်ဟု သိရသည်။
မြောက်ဦးမြို့ရှိ မိဘရိပ်ခရီးသည်တင်ယာဉ်လိုင်းဥက္ကဋ္ဌ ဦးခင်ဝင်းက ယခုကဲ့သို့ ကားဂိတ်တည်ဆောက်ခြင်းသည် မြို့သာယာသန့်ရှင်းရေးမှု အတွက် ပြုလုပ်ခြင်း ဖြစ်ပြီး မြို့ထဲတွင်လည်းဖြစ်သည့်အတွက် ခရီးသွားပြည်သူများ အတွက်အဆင်ပြေသည်ဟု ပြောသည်။
အလားတူ မြောက်ဦးမြို့ နန်းရာကုန်းတွင် ကားများကို တစ်စုတစ်ဝေး တည်းထားပြီး ကားဂိတ်ပြုလုပ်ခြင်းသည် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသအား သန့်ရှင်းသပ်ယပ်သွားစေသည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ပြောသည်။
“မြောက်ဦး နန်းရာကုန်းပတ်ပတ်လည်မှာ အရင်ကဆို ကားတွေစည်းကမ်းမဲ့ ရပ်တယ်။ အမှိုက်တွေပစ်တယ်။ နန်းရာကုန်းမှာ အမှိုက်တွေနဲ့ မသန့်ရှင်း တော့ဘူး။ ခုလိုတစ်စုတစ်ဝေးတည်းထားလိုက်တာ တစ်ဘက်ကလည်း ကောင်းပါတယ်”ဟု ပြောသည်။
မြောက်ဦးတွင် အဝေးပြေးကားများရပ်နားရန်အတွက် အဝေးပြေးကားဂိတ်ကို မြို့ပြင်ရှိ ထမ္မရာဇ်ရပ်ကွက်တွင် ပြုလုုပ်ထားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ