ရှေးဟောင်းဝေသာလီမြို့ရိုးကုန်းတော်ပေါ်တွင်ဓမ္မာရုံတည်ဆောက်မှု ရှေးသုကန့်ကွက်
-
ရေးသူ:
Web Master
-
| ရက်စွဲ:
၂၇ ဒီဇင်ဘာ ၂၀၂၁
-
| ကြည့်ရှုသူ:
1.8k
နိရဉ္စရာ၊ ဒီဇင်ဘာ ၂၅/ ၂၀၂၁
မြောက်ဦးမြို့နယ်၊ ဝေသာလီရှေးဟောင်း မြို့ရိုးကုန်တော်ပေါ်တွင် ဓမ္မာရုံတည်ဆောက်နေမှုအား ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ ကန့်ကွက်ပြီး ဆက်လက် တည်ဆောက်မှု မပြုလုပ်ရန် တားမြစ်ထားကြောင်း သိရှိရသည်။
ထိုဓမ္မာရုံကို လွန်ခဲ့သည့် ၁၀ ရက်လောက်က စတင် တည်ဆောက်နေခြင်း ဖြစ်သည်ဟု သိရသည်။
၎င်းဓမ္မာရုံကို ဆက်လက တည်ဆောက်ခြင်း မပြုလုပ်ရန်နှင့် ဖယ်ရှားပစ်ရန် ပြောထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မြောက်ဦးဌာနခွဲ) ညွှန်ကြားရေးမှူး ဦးကြည်ခင်က ပြောသည်။
“လက်ရှိမှာ သူကဖယ်မပေးသေးဘူး။ ဒါပေမယ့် ဆက်မဆောက်တော့ဘူး။ ကျနော်တို့ ရှေးဟောင်း အဆောက်အဦတွေကို ထိန်းသိမ်းစောင့်ရှောက် ရတာလေ။ ဝေသာလီခေတ်ကတည်းက တူဖော်ထားတဲ့ ဘာသာရေး အဆောက်အဦနေရာဖြစ်ပါတယ်။ အဲဒါကို မသိနားမလည်ကြတာ။ သူတို့ကို ပြောပြရတာပေါ့။ အဲဒါကို ဖျက်ပေးပါဆိုပြီး ပြောထားတယ်” ဟု ပြောသည်။
ထိုနေရာသည် မြောက်ဦးမြို့နယ်၊ ပီပင်ရင်းကျေးရွာအနီး ဝေသာလီ မြို့ဟောင်းကုန်းအမှတ် (၁၀) မြေနေရာဖြစ်ပြီး ၎င်းနေရာတွင် ဓမ္မာရုံ ဆောက်ခြင်းနှင့်ပတ်သက်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့က ရှေးသုမှ လာရောက်တားမြစ်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဓမ္မာရုံတည်ဆောက်နေသည့် ရဟန်းတော် အရှင်ထေရာဝံသကို ဆက်သွယ်ရာ ဆရာတော်က မြောက်ဦး နန်းရာကုန်းပေါ်က ရှေးသုရုံးကို ဖြိုးပေးလျှင် ယခုဆောက်လုပ်နေသည့် ဓမ္မာရုံကိုလည်း ဖြိုပေးမည်ဟု မိန့်ကြားသည်။
“အဲဒီနေရာက ဝေသာလီခေတ်က ဂူပျက်နေရာဖြစ်ပါတယ်။ အဲဒီမှာ တောခြုံတွေ ဖြစ်နေပြီးတော့ နွားတွေ၊ ခွေးတွေတက်တယ်။ ပြီးတော့ကလေးတွေ၊ အမျိုးသမီးတွေ အပေါ့အလေးသွားတာတွေကို အမြင် မတော်တဲ့ အတွက် ဘုရားသိမ်ဆောက်ထာတယ်။ အဲဒါကို ရှေးသုက ဖယ်ပေးဖို့ပြောလာတယ်။ ဦးဇင်းကလည်း ဒီဘုရားသိမ်ကို ဖြိုချင်ရင် ရခိုင့်ဘုရင်ရဲ့ အဓိကကျတဲ့ နန်းရာကုန်းပေါ်က ရှေးသုရုံးကို ဖြိုပေးရင် ဦးဇင်းလည်း ဖြိုပေးမယ်လို့ ပြောလိုက်တယ်” ဟု အရှင်ထေရာဝံသက မိန့်သည်။
ဝေသာလီနန်းရိုး ကုန်းတော်ပေါ်တွင် ဘုရားသိမ်တည်ဆောက်ခြင်းမှာ ရဟန်းတော်တစ်ပါးတည်းက သူ့ သဘောနှင့်သူ တည်ဆောက်နေခြင်းဖြစ်ပြီး ရွာသားများဆန္ဒမပါဝင်ကြောင်း ပီပင်ရင်းကျေးရွာရာအိမ်မှူး ဦးအေးထွန်းအောင်က ပြောကြားသည်။
“အဲဒီဘုရားသိမ်ဆောက်တာနဲ့ ပတ်သက်ပြီးကျနော်တို့ ကိုရင်ကြီးကို သွားမေးတော့ ရှေး/သုက မဖျက် ခိုင်းသေးဘူးလို့ ပြောတယ်။ ဖျက်တာလည်း မတွေ့ပါဘူး။ ကျနော်တို့ကလည်း ရှေးဆက်မလုပ်ဖို့ လျှောက်ထားတယ်။ အဆင်ပြေသွားတယ်ဆိုပြီးတော့ ကိုရင်ကြီးက ပြောတယ်” ဟု ဆိုသည်။
ရှေးဟောင်းအမွေအနှစ်နေရာများတွင် မြေတူးခြင်း၊ အဆောက်အဦ များတည်ဆောက်ခြင်း မပြုလုပ်သင့်ကြောင်း မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ဥက္ကဋ္ဌ ဒေါ်ခင်သန်းက နိရဉ္စရာကို ပြောထားသည်။
မြောက်ဦးမြို့အနီး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် နန်းရိုး မြို့ရိုးများကို ဖြိုဖျက်ပြီး မြေတူးခြင်း၊ ကျုံးများကို မြေဖို့ပြီး အိမ်ဆောက်ခြင်းများလည်း ရှိနေသဖြင့် မြောက်ဦးယဉ်ကျေးမှုနယ်မြေ ယူနက်စကို ကမ္ဘာအမွေအနှစ် စာရင်းဝင်နိုင်ရန် အခက်အခဲများဖြစ်မည်ကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး လှုပ်ရှားသူများက စိုးရိမ်လျက် ရှိနေကြသည်ဟု သိရသည်။
ဓာတ်ပုံ -သိန်းဝင်း/Facebook