ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရပ်တန့်နေသည့်မြောက်ဦးမြို့သစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ပေးရန် မြို့ခံများ လိုလားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.5k

ထက်အောင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၉/ ၂၀၂၁
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရပ်တန့်နေသည့် မြောက်ဦးမြို့သစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ပေးရန် မြို့ခံများက လိုလားနေကြသည်။
မြောက်ဦးမြို့တွင် ယခုနောက်ပိုင်း လူဦးရေတဖြည်းဖြည်းတိုးလာနေပြီး တိုးလာနေသည့်လူဦးရေအတွက် အခြေခံအဆောက်အဦများလိုအပ်လာနေသည့်အတွက် ထိုစီမံကိန်းကို အရေးပေါ်ဦးစားပေးလုပ်ငန်းအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ရန်လိုအပ်နေပြီဟု မြောက်ဦးမြို့ခံ ကိုဇော်ထွန်းက ပြောသည်။
“လူဦးရေတိုးပွားမှုနဲ့ မြို့ပြဖွံ့ဖြိုးမှုက အမှီလိုက်လာတဲ့အခါ ရှေ့ဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေဟာ နေ့စဉ်ရက်ဆက်၊ စက္ကန့်တိုင်းမှာ ထိခိုက်လာတယ်။ မြောက်ဦးမှာ မြို့သစ်စီမံကိန်းက အရေးပေါ် ဦးစားပေးလုပ်ငန်းအနေနဲ့ လုပ်ဖို့ လိုအပ်နေပါတယ်” ဟု ပြောသည်။
မြောက်ဦးမြို့သစ်စီမံကိန်းကို မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်ရှိ ရန်ကုန်-စစ်တွေကားလမ်းအနီး မောင်ရွှီကန်ကျေးရွာနှင့် အုပ်ဖိုကန်ကျေးရွာတို့မှ လယ်သမား ၆၅ ဦး ပိုင်ဆိုင်သည့် လယ်မြေဧကပေါင်း ၄ဝဝ ကျော်ခန့်တွင် အကောင်အထည်ဖော်ရန် ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် စီစဉ်ခဲ့ခြင်းဖြစ်သည်။
မြောက်ဦးမြို့ကို ယူနက်စကိုဝင်စာရင်းဝင်ရောက်နိုင်ရေးနှင့် မြောက်ဦးမြို့အတွင်းရှိ ရှေးဟောင်းဘုရားများနှင့်မလွတ်ကင်းသည့်နေရာများမှ နေအိမ်များကို ပြောင်းရွှေ့ပေးနိုင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သော်လည်း ဖြစ်မြောက်အောင်မြင်ခြင်းမရှိခဲ့ဘဲ လက်ရှိအချိန်အထိ ရပ်တန့်နေဆဲဖြစ်သည်။
လက်ရှိတွင် မြောက်ဦးမြို့တွင်းဧရိယာသည် ရှေးဟောင်းအမွေအနှစ်နယ်မြေများဖြစ်နေသည့်အတွက် နယ်မြေချဲ့ထွင်ရန် မြေနေရာများမရှိဖြစ်လာနေ၍ မြို့သစ်စီမံကိန်းသည် အရေးပေါ်လိုအပ်နေသည့်ကိစ္စတစ်ခုဖြစ်သည်ဟုလည်း မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ်ထိန်းသိန်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။
“မြေနေရာမရှိတဲ့အတွက်ကြောင့် မြောက်ဦးဈေးဆိုရင်လည်း တော်တော် ခက်ခဲနေတယ်။ နောက်ထပ် ချဲ့ထွင်စရာနေရာတွေလည်း မရှိတော့ဘူး။ ဒါကြောင့် မြောက်ဦးမြို့ဟာ မလွဲမသွေ ယဉ်ကျေးမှုအမွေအနှစ်ကို ထိခိုက်မှုမရှိစေချင်ဘူးဆိုလို့ရှိရင် မြို့သစ်စီမံကိန်းဟာ အရေးပေါ်လိုအပ်နေတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။”
လက်ရှိတွင် အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့အတွင်း ပြောဆိုဆွေးနွေးမှုမျိုးမရှိသေးဟု ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက နိရဥ္စရာကိုပြောသည်။
“မြောက်ဦးမြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီးတော့ လောလောဆယ် ငါတို့မသိသေးဘူး။ ငါတို့ အစိုးရအဖွဲ့မှာတော့ ဆွေးနွေးတာ၊ အတည်ပြုတာ ဘာမှမလုပ်ရသေးဘူး”ဟု ပြောသည်။
ရပ်တန့်နေသည့်မြောက်ဦးမြို့သစ်စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် ပြည်နယ်အစိုးရမှတဆင့် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုတစ်ရပ်ကိုလည်း ၂ဝ၁၇ ခုနှစ်၊ ဇွန်လ ၂၈ ရက်ကကျင်းပသည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းတောင်းဆိုခဲ့သေးသည်။

ဆက်စပ် သတင်းများ