ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြောက်ဦးရှိ သမိုင်းဝင်ထုက္ကန်သိမ်ပုထိုးနှင့် စေတီအချို့အား မိုးယို၍ပြုပြင်ရာတွင် ရှေးမူမပျက်စေလိုဟု မြို့ခံများပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.4k

ထက်အောင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၄/ ၂၀၂၂
ရခိုင်ပြည်နယ်၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာ မြောက်ဦးမြို့ရှိ သမိုင်းဝင်ထုက္ကန်သိမ်ပုထိုးတော်နှင့် စေတီတော်အချို့ကို မိုးယို၍ပြုပြင်နေရပြီး ယင်းသို့ပြုပြင်ရာတွင် နဂိုမူလကရှိနေသည့်အခြေအနေကို မထိုခိုက်ရန်လိုအပ်ကြောင်း မြို့ခံများက ပြောသည်။
မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနစ်များကို လေ့လာနေသည့် ဒေသခံကိုဇော်ထွန်းက “ပျက်စီးပြီး ပြုပြင်ဖို့လိုနေတာကို ဒီတိုင်းကြည့်ထားလို့မရပါဘူး။ မိုးရာသီမရောက်ခင်ထိတော့ ရေစိမ့်တာတွေမရှိအောင် ပြုပြင်ဖို့လိုရင် ပြုပြင်ရပါမယ်။ ဒါကြောင့် ရှေးဟောင်းအမွေအနှစ်တွေကို ပြုပြင်တဲ့အခါ ယဉ်ကျေးမှုကိုနားလည်တဲ့ ကျွမ်းကျင်လုပ်သားတွေကို သုံးရမယ်။ ပြီးတော့ အရင်ခေတ်က ရှိနေတဲ့ ပုံစံအတိုင်းလုပ်ရမယ်။ အရင်ခေတ်က သုံးခဲ့တဲ့ ပစ္စည်းကိရိယာအတိုင်း သုံးရမယ်” ဟု ပြောသည်။
ထုက္ကန်သိမ်ပုထိုးတော်အတွင်း ရခိုင့်ယဉ်ကျေးမှုကို တန်ဖိုးမဖြတ်နိုင်သည့် ရုပ်လုံးရုပ်ကြွများရှိပြီး ထိုရုပ်လုံးရုပ်ကြွများသည် ရခိုင်တို့၏ ရှေးယခင်က အနုပညာ၊ ဝတ်စားဆင်ယင်ပုံများနှင့် နန်းတွင်း ဝတ်စားဆင်ယင်ပုံများကိုလည်း ဖော်ပြသည့်အတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင် ထိန်းသိမ်းရန် အရေးပါကြောင်း ကိုဇော်ထွန်းက ပြောသည်။
“ထုက္ကန်သိမ်က အစကတည်းက ရေစိမ့်ဝင်တာတွေရှိပါတယ်။ အဲဒီလိုမျိုးရေစိမ့်တာတွေက ရုပ်တုတွေကိုပျက်စီးစေတယ်။ ယူနက်စကို ဝင်ဖို့အတွက် ကြိုးစားနေချိန်မှာ ပြုပြင်လိုက်လို့ တစ်ခုခုအမှားအယွင်းဖြစ်မယ်ဆိုရင် အနှောင့်အယှက်ဖြစ်စေတာကိုလည်း သတိပြုရပါမယ်” ဟု ပြောသည်။
ပြီးခဲ့သည့်မိုးတွင်းကာလက မိုးယိုစိမ့်မှုဖြစ်ပေါ်ခဲ့သည့် စေတီပုထိုးများမှာ ထုက္ကန်သိမ်ပုထိုးတော်အပါအဝင် မဟာဗောဓိရွှေဂူစေတီတော်နှင့် တေဇရာမစေတီတော်တို့ဖြစ်သည်။
အဆိုပါရှေးဟောင်းပုထိုး၊ စေတီများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)က တာဝန်ယူကာ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းမှစတင်ကာ ပြုပြင်နေခြင်းဖြစ်သည်ဟု သိရသည်။
ယင်းသို့ပြုပြင်ရာတွင်လည်း ရှေးမူမပျက် ပြုပြင်နေသည်ဟုလည်း မြောက်ဦးရှေး/သုဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်ခင်က နိရ ဉ္စရာကိုပြောသည်။
“အဲဒီစေတီတွေမှာ မိုးတွင်းဆိုရင် မိုးယိုပါတယ်။ အဲဒီလို မိုးယိုတာကို ကျနော်တို့က ဓာတုဗေဒဆေးနဲ့ မိုးမယိုအောင် ထိန်းသိမ်းတဲ့သဘောပါ၊ ဘိလပ်မြေမသုံးဘဲ ရှေးမူမပျက်ပြုပြင်မှာဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါစေတီပုထိုးများကို လာမည့် မတ်လ ၃၁ ရက်တွင် အပြီးပြုပြင်သွားမည်ဟုလည်း သိရသည်။
ဓာတ်ပုံ - မိုးယို၍ ပြုပြင်နေရသည့် ထုက္ကန်သိမ်ပုထိုးတော်အားတွေ့ရစဉ်။ Photo - Shwe Than Kyaw/ Facebook

ဆက်စပ် သတင်းများ