ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြောက်ဦး ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေး မြို့၏ရေအသုံးချမှုစနစ်ကို အီတလီနိုင်ငံသားပညာရှင် ၁ ဦးက ၇ ရက်ကြာ ကွင်းဆင်းလေ့လာနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 7.6k


အေးမြတ်ခိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၀/၂၀၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် မြောက်ဦးမြို့၏ရေအသုံးချမှုစနစ်ကို အီတလီနိုင်ငံသားပညာရှင် ၁ ဦးက ၇ ရက်ကြာ ကွင်းဆင်းလေ့လာနေပြီဟု သိရသည်။
ရေအသုံးချမှုဆိုင်ရာ ပညာရှင်ဖြစ်သည့် အီတလီနိုင်ငံသား Professor Massimo Sarti က မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ရှေ့ပြေးကွင်းဆင်းလေ့လာမှုအဖြစ် မြောက်ဦးမြို့၏ရေအသုံးချမှုစနစ်ကို ဖေဖော်ဝါရီလ ၉ ရက်မှစတင်၍ ၇ ရက်ကြာ လာရောက်ကွင်းဆင်းလေ့လာနေခြင်းဖြစ်သည်ဟု ကွင်းဆင်းလေ့လာရာတွင်အတူပါဝင်သည့် မြောက်ဦးရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်းက နိရဥ္စရာကိုပြောသည်။
"ကမ္ဘာ့အမွေအနှစ်ဝင်နိုင်ရေးအတွက် ဧည့်သည်တွေရောက်နေတယ်။ ၇ ရက်တာ ခရီးဖြစ်တယ်။ မနေ့ကနေစပါတယ်။ ဒီနေ့က ဒုတိယမြောက်နေ့ပါ"ဟု ပြောသည်။
ကွင်းဆင်းစစ်ဆေးမှုတွင် Professor Massimo Sarti နှင့်အတူ ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်မှူး ၂ ဦး၊ ရခိုင်သဟာယအသင်းမှ ဒေါ်မြစံပယ်ညွန့်၊ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းမှ ဒေါက်တာတင်မာအောင်၊ မြောက်ဦးရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်းတို့ ပါဝင်ခဲ့ကြောင်း သိရသည်။
ယမန်နေ့နှင့် ယနေ့ ၂ ရက်အတွင်း မြောက်ဦးမြို့ရှိ လက်ဆည်ကန်၊ အနူမကန်၊ ကျောက်ရာဇ်ကေချောင်း၊ ငွေတောင်ပေါက်ချောင်း၊ တောင်ဖြူကျုံး၊ မင်းသမီးပေါင်း၊ ပန်းစျေးမြောင်းချောင်းအပါအဝင် မြောက်ဦးမြို့၏ရေလမ်းကြောင်းအခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးလေ့လာချက်အရ ရေအသုံးချမှုစနစ်များကို ကျေနပ်ဖွယ်ရာ တွေ့ရှိရကြောင်း မြောက်ဦးရှေး/သုညွှန်မှူး ဦးကြည်ခင်က နိရဥ္စရာကို ပြောသည်။
"ရေနဲ့အသုံးပြုပြီးတော့ ကာကွယ်ရေးစနစ်တွေ ဆောင်ရွက်တဲ့နေရာတွေ အခုရှိသလား၊ မရှိဘူးလားဆိုတာ။ တကယ်လို့ မရှိခဲ့ဘူးဆိုရင်လည်း ဘယ်လိုလုပ်ရမယ်ဆိုတဲ့ဟာကို လာပြီး စစ်တာပါ။ ကွင်းဆင်းစစ်ဆေးလေ့လာချက်အရ ရေအသုံးချမှုတွေကို ကျေနပ်ဖွယ်တွေ့ရပါတယ်"ဟု ပြောသည်။
မြောက်ဦးကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် အဆိုပြုလွှာမူချောကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်က တင်သွင်းခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ယူနက်စကိုမှပညာရှင်များက လာရောက်ကွင်းဆင်းလေ့လာမည်ဟု သိရသည်။
မြောက်ဦးမြို့ကို အေဒီ ၁၄၃၀ ခုနှစ်တွင် ရခိုင်ဘုရင်မင်းစောမွန်က စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၄ နှစ်တိုင်အောင် ရခိုင်ဘုရင်အဆက်ဆက်ထီးနန်းစိုးစံအုပ်ချုပ်ခဲ့သည့် ကြီးကျယ်ခန်းနားခဲ့သော မင်းနေပြည်တော်တစ်ခုလည်း ဖြစ်သည်။
ယင်းကဲ့သို့ မြောက်ဦးမြို့ရှိတန်ဖိုးဖြတ်မရသည့် ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်များကို အရှည်တည်တံ့နိုင်အောင် ထိန်းသိမ်းရန်လိုအပ်သောကြောင့် မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းနေရခြင်းဖြစ်သည်ဟုလည်း ယူနက်စကိုစာရင်းဝင်ရေးကြိုးပမ်းဆောင်ရွက်နေသူများက ပြောသည်။
ဓာတ်ပုံ - ကိုသိန်းဝင်း

ဆက်စပ် သတင်းများ