ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြောက်ဦးတွင် ရေလမ်းကြောင်းပိတ်ဆို့နေမှုများကြောင့် ယူနက်စကိုဝင်နိုင်ရေး အခက်တွေ့စေနိုင်ဟု ရေအသုံးချမှုပညာရှင်ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.4k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၆/၂၀၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ချောင်း၊ မြောင်းများတွင် အမှိုက်များပစ်ချမှုကြောင့် ရေလမ်းကြောင်းပိတ်ဆို့မှုများကြောင့် မြောက်ဦးမြို့သည် ယူနက်စကိုဝင်နိုင်ရေးတွင် အခက်တွေ့စေနိုင်သည်ဟု အီတလီနိုင်ငံသား ရေအသုံးချမှုပညာရှင် ပါမောက္ခ Massimo Sarti က ပြောဆိုခဲ့ကြောင်း သိရသည်။
ပါမောက္ခ Massimo Sarti က မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ရှေ့ပြေးကွင်းဆင်းလေ့လာမှုအဖြစ် မြောက်ဦးမြို့၏ရေအသုံးချမှုစနစ်ကို ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်အထိ ၇ ရက်ကြာ ကွင်းဆင်းလေ့လာခဲ့ခြင်းဖြစ်သည်။
သူ၏လေ့လာတွေ့ရှိချက်များကိုလည်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာန)ခွဲမှတာဝန်ရှိသူများနှင့် မြောက်ဦးကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ကြိုးပမ်းနေသူများအား ချပြရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။
ယင်းသို့ရှင်းလင်းပြောဆိုခဲ့ရာတွင် မြောက်ဦးမြို့၏ သန့်ရှင်းသာယာလှပရေးနှင့် ရေရရှိရေး၊ ကျူးကျော်များမရှိစေရေးတို့မှာ ယူနက်စကိုဝင်နိုင်ရေးအတွက် အရေးကြီးသည်ဟု ပြောဆိုခဲ့ကြောင်း မြောက်ဦးရှေး/သုညွှန်မှူး ဦးကြည်ခင်က နိရ ဉ္စရာကို ပြောသည်။
"မြို့ သန့်ရှင်းသာယာလှပရေး၊ မြို့ ရေရရှိရေး၊ ပြီးတော့ ကျူးကျော်မှုတွေမရှိစေရေး၊ အဲ့ဒါတွေကတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာတွေပဲလေ။ ဒါတွေသာ ပုံမှန်လုပ်နေရင်တော့ ယူနက်စကိုအတွက်လည်း အဆင်ပြေတာပေါ့" ဟု ပြောသည်။
ယင်းအပြင် မြောက်ဦးမြို့ရှိ မောင်းဆွဲတောင်တန်းမှ ကျောက်များအား ခွာချနေမှု၊ မြောက်ဦးမြို့ရှိ တောင်များကိုကျောက်တူးဖော်ဖြိုချနေမှုများမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့်အပြင် သမိုင်းအမွေအနှစ်များကိုပါ ပျက်စီးစေကြောင်းလည်း ပါမောက္ခ Massimo Sarti က ထောက်ပြခဲ့သည်ဟုလည်း မြောက်ဦးရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။
ယင်းအပြင် မြောက်ဦးမြို့၌ အမှိုက်များသန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းအောင်လုပ်မည့်ကိစ္စများကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်ဟု သိရသည်။
မြောက်ဦးမြို့တွင် စည်းကမ်းမဲ့စွန့်ပစ်ထားသည့်အမှိုက်များသိမ်းဆည်းမှုစနစ်ကို အာဏာပိုင်များက စနစ်တကျ စီမံခန့်ခွဲသင့်ပြီး မြို့သန့်ရှင်းသာယာလှပရေးအတွက် အထူးအလေးထားဆောင်ရွက်သင့်သည်ဟုလည်း ဒေါ်ခင်သန်းက ထောက်ပြသည်။
"အမှိုက်ကလည်းပဲ စီမံခန့်ခွဲမှုနဲ့ လက်ခံကျင့်သုံးနိုင်တဲ့ မဟာဗျူဟာတစ်ရပ်အနေနဲ့ ရေးဆွဲပြီးတော့မှ ပြုလုပ်ဖို့တော့ ကောင်းတယ်လို့ ကျွန်မအနေနဲ့ မြင်ပါတယ်"ဟု ပြောသည်။
မြောက်ဦးကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် အဆိုပြုလွှာမူချောကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်က တင်သွင်းခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ယူနက်စကိုမှပညာရှင်များက လာရောက်ကွင်းဆင်းလေ့လာမည်ဟု သိရသည်။
မြောက်ဦးမြို့ကို အေဒီ ၁၄၃၀ ခုနှစ်တွင် ရခိုင်ဘုရင်မင်းစောမွန်က စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၄ နှစ်တိုင်အောင် ရခိုင်ဘုရင်အဆက်ဆက်ထီးနန်းစိုးစံအုပ်ချုပ်ခဲ့သည့် ကြီးကျယ်ခန်းနားခဲ့သော မင်းနေပြည်တော်တစ်ခုလည်း ဖြစ်သည်။
ယင်းကဲ့သို့ မြောက်ဦးမြို့ရှိတန်ဖိုးဖြတ်မရသည့် ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်များကို အရှည်တည်တံ့နိုင်အောင် ထိန်းသိမ်းရန်လိုအပ်သောကြောင့် မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းနေရခြင်းဖြစ်သည်ဟုလည်း ယူနက်စကိုစာရင်းဝင်ရေးကြိုးပမ်းဆောင်ရွက်နေသူများက ပြောသည်။
ဓာတ်ပုံ - ကိုသိန်းဝင်း

ဆက်စပ် သတင်းများ