ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မြောက်ဦး ယူနက်စကိုဝင်နိုင်ရေး ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဌာနပေါင်းစုံ စုပေါင်းအမှိုက်ကောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 380

အေးမြတ်ခိုင်
နိရဥ္စရာ ၊ ဧပြီ ၂/၂၀၂၂
ရခိုင်ပြည်နယ်ရှိ မြောက်ဦးမြို့ဟောင်းကို ယူနက်စကိုဝင်နိုင်ရေး ကြိုတင်ပြင်ဆင်မှုအနေဖြင့် မြောက်ဦးမြို့တွင် ယနေ့နံနက်မှစတင်ကာ ဌာနပေါင်းစုံ စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။
ယနေ့ ဧပြီလ ၂ ရက် နံနက် ၆ နာရီခွဲတွင် မြောက်ဦးမြို့မှ အစိုးရဌာနပေါင်းစုံမှ ဝန်ထမ်းများနှင့် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင်များအပါအဝင် လူပေါင်း ၂၀၀ ခန့်က သျှစ်သောင်းပုထိုးတော်ရှေ့မှစတင်ကာ စုပေါင်း အမှိုက်ကောက်ခဲ့ကြခြင်းဖြစ်သည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုညွှန်ချုပ် ဦးညိုမြင့်ထွန်းက "အမျိုးသားယဉ်ကျေးမှုကနေတဆင့် ကမ႓ာ့အမွေအနှစ်ဝင်နိုင်ဖို့လိုတယ်။ တာဝန်ရှိတဲ့လူတွေကလာစစ်ကြတဲ့အခါ တို့ဖက်က အသင့်ရှိနေဖို့လိုတယ်။ အရှိကိုအရှိတိုင်းဖြစ်အောင်ရယ်၊ သန့်ရှင်းသာယာလှပဖို့ရယ်ကြောင့် အမှိုက်တွေစကောက်တာပါ” ဟု ပြောသည်။
ယခုကဲ့သို အမှိုက်ကောက်လှုပ်ရှားမှုကို အပတ်စဉ် စနေနေ့တိုင်းပြုလုပ်မည်ဟု သိရသည်။
ရှေးဟောင်းယဉ်ကျေးမှုအထိမ်းအမှတ် အမွေအနှစ်များ ကြွယ်ဝသည့်မြောက်ဦးမြို့သာယာလှပရေးအတွက် လှုပ်ရှားမှုမှာ ကောင်းမွန်သော်လည်း အပြောသဘော၊ ဟန်ပြပြုလုပ်ခြင်းမဟုတ်ဘဲ အမှန်တကယ် လက်တွေ့ထိရောက်စွာအကောင်ထည်ဖော်ရန် လိုအပ်ကြောင်း လူမှုရေးလှုပ်ရှားသူများက ပြောသည်။
မြောက်ဦးကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေး အဆိုပြုလွှာမူချောအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်က တင်သွင်းခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ယူနက်စကိုမှပညာရှင်များက လာရောက်ကွင်းဆင်းလေ့လာမည်ဟု သိရသည်။
မြောက်ဦးမြို့ရှိတန်ဖိုးဖြတ်မရသည့် ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်များကို အရှည်တည်တံ့နိုင်အောင် ထိန်းသိမ်းရန်လိုအပ်သောကြောင့် မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းနေရခြင်းဖြစ်သည်ဟုလည်း ယူနက်စကိုစာရင်းဝင်ရေးကြိုးပမ်းဆောင်ရွက်နေသူများက ပြောသည်။
မြောက်ဦးမြို့ကို အေဒီ ၁၄၃၀ ခုနှစ်တွင် ရခိုင်ဘုရင်မင်းစောမွန်က စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၄ နှစ်တိုင်အောင် ရခိုင်ဘုရင်အဆက်ဆက်ထီးနန်းစိုးစံအုပ်ချုပ်ခဲ့သည့် ကြီးကျယ်ခန်းနားခဲ့သော မင်းနေပြည်တော်တစ်ခုလည်း ဖြစ်သည်။
ဓာတ်ပုံ - ဇော်ဝင်းအောင် / နိရ ဉ္စရာ

ဆက်စပ် သတင်းများ