စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦး ရှေးဟောင်းနယ်မြေရှိ ကျူးကျော်များကို ယခုနှစ်မကုန်မီ အပြီးဖယ်ရှားမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.7k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဧပြီ ၃/၂၀၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်းနယ်မြေအတွင်းဝင်ရောက်နေထိုက်လျက်ရှိသည့်ကျူးကျော်များကို ယခုနှစ်မကုန်မီ အပြီး ဖယ်ရှားသွားမည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုညွှန်မှူးဦးညိုမြင့်ထွန်းက ပြောသည်။
"ကျူးကျော်တွေ ဖယ်ရှားရှင်းလင်းဖို့ ကျွန်တော်တို့ စီမံကိန်းရေးဆွဲနေပါပြီ။ ကျူးမှာလည်း စီးပွားရေးအရ ကျူးတဲ့ကျူးရယ်၊ အမှန်တကယ် နေစရာထိုင်စရာ အခက်ခဲဖြစ်လို့ကျူးတဲ့ကျူးရယ်ဆိုတာရှိတယ်။ အခက်ခဲရှိလို့ကျူးတဲ့ကျူးတွေကိုတော့ ဖြည့်ဆည်းပေးရမယ်။ ကူညီပေးရမယ်"ဟု ပြောသည်။
ယင်းသို့ဖယ်ရှားရေးနှင့်ပတ်သက်ပြီး မနက်ဖြန် ဧပြီလ ၄ ရက်တွင်ကျင်းပမည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သောအစည်းအဝေးတွင် စီမံကိန်းရေးဆွဲတင်ပြသွားမည်ဟု ၄င်းက ဆက်ပြောသည်။
မြောက်ဦးကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် အဆိုပြုလွှာမူချောကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်က တင်သွင်းခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ယူနက်စကိုမှပညာရှင်များက လာရောက်ကွင်းဆင်းလေ့လာမည်ဟု သိရသည်။
ယူနက်စကိုက ကွင်းဆင်းမလေ့လာမီ ယခုနှစ်ကုန်တွင် ကျူးကျော်များကို အပြီးဖယ်ရှားရှင်းလင်းသွားမည်ဟု ဦးညိုမြင့်ထွန်းက ပြောသည်။
"ကျွန်တော်ထင်ပါတယ်။ ဒီနှစ်တောင်မကုန်ဘူးလို့ ထင်ပါတယ်"ဟု ပြောသည်။
မြောက်ဦးရှိ ကျုံးများနှင့် ဘုရားပုထိုးစေတီများစသည့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ပေ ၁၂ဝ အကွာအတွင်း နေအိမ်များ ဝင်ရောက်ကျူးကျော်ဆောက်လုပ်နေထိုင်ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုနေရာများကိုကွယ်ကာ အထပ်မြင့်အဆောက်အအုံများ ကျူးကျော်ဆောက်လုပ်ခြင်းများရှိနေသည်ဟု ရှေး/သုဌာနနှင့် မြို့ခံများက ပြောသည်။
လေးမျက်နှာပုထိုးအနီးနှင့် သရေကုန်းဘောင်ရပ်ကွက်စသည်နေရာတို့တွင်လည်း ကျူးကျော်များဝင်ရောက်နေထိုင်လျက်ရှိပြီး မြို့တွင်းရှိ ကျူးကျော်အဆောက်အအုံများအားလုံးကို ဖယ်ရှားရန်စီစဉ်နေခြင်းမှာ လက်တွေ့တွင် မလွယ်ကူနိုင်ဟု မြို့ခံများက သုံးသပ်ပြောသည်။
မြောက်ဦးမြို့ခံ ကိုဇော်ထွန်းက "သူတို့အစိုးရရဲ့ လုပ်နိုင်စွမ်းကိုပြချင်လို့ နိုင်ငံရေးစကားပြောတာပဲ ဖြစ်နိုင်တယ်။ တကယ်တမ်းဆို မဖြစ်နိုင်ဘူး။ ဘာလို့ဆို မြောက်ဦးတစ်မြို့လုံးဟာ Protection zone ထဲမှာ ရှိတယ်။ သူပြောတဲ့အတိုင်းသာလုပ်နိုင်မယ်ဆိုရင်တော့ ဝမ်းသာပါတယ်"ဟု နိရဥ္စရာကို ပြောသည်။
မြောက်ဦးမြို့ရှိတန်ဖိုးဖြတ်မရသည့် ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်များကို အရှည်တည်တံ့နိုင်အောင် ထိန်းသိမ်းရန်လိုအပ်သောကြောင့် မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းနေရခြင်းဖြစ်သည်ဟု ယူနက်စကိုစာရင်းဝင်ရေးကြိုးပမ်းနေသူများက ပြောသည်။
မြောက်ဦးမြို့ကို အေဒီ ၁၄၃၀ ခုနှစ်တွင် ရခိုင်ဘုရင်မင်းစောမွန်က စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၄ နှစ်တိုင်အောင် ရခိုင်ဘုရင်အဆက်ဆက်ထီးနန်းစိုးစံအုပ်ချုပ်ခဲ့သည့် ကြီးကျယ်ခမ်းနားခဲ့သော မင်းနေပြည်တော်တစ်ခုလည်း ဖြစ်သည်။
ဓာတ်ပုံ - ဇော်ဝင်းအောင်၊ အေးမြတ်ခိုင် / နိရ ဉ္စရာ

ဆက်စပ် သတင်းများ