ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

အမ်းတွင် တွေ့ရှိသည့် ရှေးဟောင်းပစ္စည်းများကို မူလအတိုင်း ပြန်လည်ဌာပနာမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.9k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဧပြီ ၈/၂၀၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရှေးဟောင်းစေတီတော်ပုထိုးများကို ပြန်လည်ပြုပြင်ရာမှတွေ့ရှိသည့် ရှေးဟောင်းပစ္စည်းများကို မူလအတိုင်း ပြန်လည်ဌာပနာသွားမည်ဟု စေတီပြုပြင်မှုကို ဦးဆောင်လုပ်ဆောင်နေသည့် ဘုရားတကာဦးလှစောမောင်က နိရဥ္စရာကို ပြောသည်။
"စေတီကိုလည်း တတ်နိုင်သမျှ မူလလက်ရာအတိုင်း ဖြစ်နိုင်သမျှတည်ပါတယ်။ ကျွန်တော်တို့က ရရှိထားတဲ့ပစ္စည်းတွေကို ရတဲ့နေရာအတိုင်း ပြန်ထည့်ထားပါတယ်။ ဌာပနာတိုက်မှာတွေ့ရင် ဌာပနာတိုက်မှာထည့်မယ်။ အောက်ခြေမှာတွေ့ရင် အောက်ခြေမှာပြန်ထည့်ပါမယ်" ဟုပြောသည်။
အဆိုပါရှေးဟောင်းပစ္စည်းများကို အမ်းမြို့နယ် သပြုချိုင်ကျွန်းရှိ ကျောက်မြောင်းကျေးရွာအနောက်ဘက်မှ ရှေးဟောင်းစေတီပုထိုးများပြိုပျက်နေ၍ ပြန်လည်ပြုပြင်ရန် ဧပြီလ ၅ ရက် ညနေ ၅ နာရီခန့်က သန့်ရှင်းရေးလုပ်စဉ် ရွာသားများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကျောက်မြောင်းကျေးရွာတွင် ရှေးဟောင်းစေတီ ၉ ဆူရှိပြီး ယင်းအထဲမှ ကျောက်စေတီအောက်ခြေ ထောင့်လေးထောင့်ရှိ အုတ်ဖိနပ်အောက်က အနက် ၂ ပေခန့်တွင် အင်းဆံကျောက်ပြား ၄ ချပ်တွေ့ရှိကာ ငွေသားဘုရား ၁၅ ပါး၊ ဒင်္ဂါးပြား ၁၆ ပြားနှင့် အခြားရှေးဟောင်းပစ္စည်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်ဟု ရွာသားများက ပြောသည်။
တွေ့ရှိထားသော အင်းဆံကျောက်ပြားနှင့် ဒင်္ဂါးများမှာ မြောက်ဦးခေတ်လက်ရာများဖြစ်ပြီး မြောက်ဦးမြို့ရှိ ဦးမြဝါတောင်တွင်တွေ့ရသော ရှေးဟောင်းအင်းဆံများနှင့် ဆင်တူကြောင်း မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးဥက္ကဋ္ဌ ဒေါ်ခင်သန်းက နိရဥ္စရာကို ပြောသည်။
"မြောက်ဦးခေတ်က အင်းဆံ(အင်းချပ်)နဲ့ ဒင်္ဂါးတွေကိုတော့ တွေ့တယ်။ ဘုရားကကျတော့ အပေါ်ကစီးရိုက်ထားတော့ ဘယ်ခေတ်ကလို့ပြောဖို့ခက်ခဲနေတယ်။ ဒင်္ဂါးတွေကလည်း မြောက်ဦးခေတ် ဒင်္ဂါးတွေဖြစ်တယ်" ဟု ပြောသည်။
လတ်တလောတွင် ကျောက်ပြားလေးချပ်ကို
စေတီပြုပြင်ရန်ဆောက်လုပ်ထားသည့် မဏ္ဍပ်အတွင်း သိမ်းဆည်းထားပြီး ငွေဘုရားနှင့် ငွေဒင်္ဂါးပြားများကို ဘုန်းကြီးကျောင်းတွင်သိမ်းဆည်းထားသည်ဟု ရွာလူကြီးများက ပြောသည်။
အဆိုပါကျေးရွာရှိ ရှေးဟောင်းစေတီပုထိုးများမှာ နှစ်ကာလကြာမြင့်ပြီး အလွန်တရာပျက်စီးနေပြီဖြစ်သည့်အတွက် မည်သည့်ခုနှစ်တွင် မည်သူက တည်ထားခဲ့သည်ကို မသိရှိဟု ရွာလူကြီးများက ပြောသည်။
ယင်းကြောင့် အဆိုပါစေတီများနှင့် ယခုတွေ့ရှိသည့်ပစ္စည်းများအား လာရောက်စစ်ဆေးပေးရန် မြောက်ဦးရှေး/သုဌာနခွဲကို အကြောင်းကြားထားပြီး ဌာပနာမပိတ်ခင်အချိန်အထိ စောင့်ဆိုင်းမည်ဟု ရွာသားများက ပြောသည်။
မြောက်ဦးရှေး/သုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကြည်ခင်ကမူ သူတို့ကိုဆက်သွယ်လာခြင်းမရှိသေး၍ သွားရောက်မစစ်ဆေးနိုင်သေးဟု နိရ ဉ္စရာကို ပြောသည်။
ဓာတ်ပုံ - ဦးလှစောမောင်

ဆက်စပ် သတင်းများ