အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

မြောက်ဦးယူနက်စ်ကို ဝင်နိုင်ရေးအတွက် ရှေးဟောင်းနယ်မြေအတွင်းရှိ စျေးဆိုင်များ၊ နေအိမ်များ ဖယ်ရှားပေးရန် ရှေး/သုကညွှန်ကြားထားသော်လည်း စစ်တပ်တပ်ရင်းများအား မရွှေ့ပြောင်းခိုင်းခြင်း အပေါ် ဒေသခံများဝေဖန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.7k

အေးမြတ်ခိုင်
နိရဥ္စရာ ၊ ဧပြီ ၂၀/၂၀၂၂
မြောက်ဦးယဉ်ကျေးမှုနယ်မြေကို UNESO ကမ္ဘာအမွေအနှစ် စာရင်း ဝင်နိုင်ရေးအတွက် ရှေးဟောင်း နယ်မြေအတွင်းရှိ စျေးဆိုင်များ၊ နေအိမ်များအား ဖယ်ရှားပေးရန် ရှေး/သုက ညွှန်ကြားထားသော်လည်း ရှေးသုနယ်မြေအတွင်းတပ်စွဲထားသော စစ်တပ်တပ်ရင်းများ၊ ရဲစခန်းများအား မရွှေ့ပြောင်းခိုင်းအပေါ် ဒေသခံများဝေဖန်ပြောဆိုမှုများ ရှိနေသည်။
မြောက်ဦးလူငယ်အစည်းအရုံးဥက္ကဌ ကိုခိုင်မင်းသျှင်က "ရှေးဟောင်းနဲ့ မလွတ်တဲ့ ဇုန်တွေမှာ စစ်တပ်က တပ်စွဲထားတဲ့နယ်မြေတွေနဲ့ ရဲတပ်ရင်းတွေ ရှိတယ်။ တခြားတောင်ကုန်းထက်တွေမှာ နေရာ ယူထားတာတွေ၊ ကနုတ်ကျင်းတူးထားတာတွေအများကြီးရှိသေးတယ်။ ဥပမာ ရွှေတောင်၊ ငွေတောင်ပေါက်တို့ပေါ့။ ပြောရမယ်ဆို ရှေးဟောင်းနေရာ တော်တော်များများမှာ ခံတပ်အခိုင်အမာ တည်ဆောင်နေတာ တွေ့နေရသေးတယ်။ ပြည်သူလူထု ကျူးကျော်တဲ့နေရာကျတော့ ရွှေ့ပေးရသလို စစ်တပ်က ကျူးကျော် တပ်စွဲထားတဲ့နေရာတွေကိုလည်း ရွှေ့ပေးရမယ်လို့မြင်တယ်"ဟု ပြောသည်။
မြောက်ဦးတွင် စစ်တပ်တပ်ရင်း အမှတ် ၅၄၀၊ ၃၇၇၊ ၃၇၈ နှင့် ရဲတပ်ရင်းတစ်ခုအပြင် တခြား တပ်ဖြန့်ထားသည့် နေရာ အနည်းဆုံး ၈ နေရာမှ နေရာ ၁၀ ခုထိရှိနေကြောင်းဒေသခံများက ပြောသည်။
လက်ရှိ မြောက်ဦးဒေသရှေးဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေး မြောက်ဦး ယဉ်ကျေးမှု ဇုန်နယ်မြေ အတွင်းရှိ ကျူးကျော်များကို ဖယ်ရှားရန် စီစဉ်လျက်ရှိပြီး နန်းတော်ရာကုန်း ပတ်ဝန်းကျင်တွင် ဖွင့်လှစ်ထားသော စျေးဆိုင်ခန်းများအား ဧပြီလ ၂၀ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးရန်နှင့် မလိုက်နာပါကတည်ဆဲဥပဒေဖြင့် အရေးယူမည်ဟု ဧပြီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ရှေး/သုဌာနက ထုတ်ပြန်ထားသည်။
"မြောက်ဦးမြို့ကို ကမ္ဘာအမွေအနှစ်ဝင်ဖို့ ကြိုးပမ်းနေကြတာ ဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်တယ်။ ဒါပေမယ့် အားလုံးသဟဇာတဖြစ်ဖို့ဆိုရင် ဌာနဆိုင်ရာရော၊ ပြည်သူလူထုပါ ညီညီညွတ်ညွတ်နဲ့ လုပ်ဖို့အတွက် ပြောချင်တယ်။ ရွှေ့ရမယ်ဆို အစိုးရဌာနဆိုင်ရာတွေရော၊ ပြည်သူလူထုနဲ့ ဆိုင်တဲ့ အဆောက်အဦတွေရော တစ်ပြေးညီ ရွှေ့ဖို့ပြောချင်ပါတယ် ။ ဒါမှမဟုတ်ရင် ရှေ့ဆက်မလုပ်တာအကောင်းဆုံးလို့မြင်ပါတယ်"ဟု မြောက်ဦး ဒေသခံတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ရှေးဟောင်းနယ်မြေ၊ ဘုရားပုထိုးဝန်းကျင်တို့တွင် စစ်တပ် တပ်စွဲနေထိုင်ခြင်းမှာ ဥပဒေကို မလေးစားရာ၊ ကျူးကျော်ရာရောက်ကြောင်းနှင့် တည်ဆဲဥပဒေများနှင့် မညီညွတ်ကြောင့် မြေပုံမြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက နိရဉ္စရာသတင်းဌာနကို ပြောသည်။
"ရှေးဟောင်းနယ်မြေဖြစ်စေဖြစ်စေ ဘုရားကျောင်း၊ကန်၊ အစိုးရ အဆောက်အဦ၊ စာသင်ကျောင်းတွေလို အများသုံးနေရာတွေမှာ နေရာ ယူထားတာက လုံးဝ မဖြစ်သင့်ဘူး။ ဒါဟာ ဥပဒေမဲ့နေထိုင်ခြင်သာ ဖြစ်တယ်။ ပြည်သူတွေကလည်း ဒါတွေကို တောင်းဆိုပေမယ့် စစ်တပ်က အဲ့လို နေရာတွေမှာ ဆက်လက်နေရာယူထားမြဲယူထားတယ်။ ဒါဟာသူတို့ကိုယ်နှစ်က ဥပဒေကို မလေးစားရာရောက်တယ်။ ကျူးကျော်ရာရောက်တယ်"ဟု ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးရှေး/သုဌာနကို ဧပြီ ၂၀ ရက်နေ့က ဖုန်းဖြင့် ဆက်သွယ်ရာ တစ်စုံတစ်ရာ လက်ခံ ဖြေဆိုခြင်း မရှိပါ။
ဧပြီ ၂၁ ရက် နံနက်က ဆက်လက်ဆက်သွယ်ရာ ရှေး/သု ညွှန်ကြားရေးမှူး ဦးကြည်ခင်က "အဲ့ဒါတွေကတော့ ကျွန်တော်မသိဘူးဗျ။ ကျွန်တော်တို့ကို ညွှန်ကြားထားတာက နန်းတော်ရာကြီးက ဆိုင်ခန်းတွေကြောင့် မြင်ကွင်းပိတ်နေတဲ့အတွက် အဲ့ဒါကိုပဲ ညှင်သာသောနည်းနဲ့ ဖယ်ခိုင်းတာပါ။ တခြားဟာတွေ ဖယ်တာ မဖယ်တာတော့ ကျွန်တော်မဖြေလိုပါဘူး"ဟု ပြောဆိုသည်။
မြောက်ဦးကို ယူနက်စ်ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေး အဆိုပြုလွှာမူချောကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ကတင်သွင်းခဲ့ပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် ယူနက်စကိုမှ ပညာရှင်များက လာရောက် ကွင်းဆင်းလေ့လာမှုမည်ဟု သိရသည်။
(ဓာတ်ပုံ- The Myanmar Times)

ဆက်စပ် သတင်းများ