ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မြောက်ဦးရှိ မြို့စောင့်နတ်ရုပ် ၂ ရုပ် ဖျက်ဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3.8k

နိရဥ္ဇရာ၊ ဇွန် ၂ /၂၀၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ နန်းတော်ရာကုန်းဒုတိယအထပ်တွင်တည်ရှိသည့် မြို့စောင့်နတ်ရုပ် ၂ ရုပ်သည် ယမန်နေ့ညက ဖျက်ဆီးခံလိုက်ရသည်ဟု သိရသည်။
ဖျက်ဆီးခံလိုက်ရသောနတ်ရုပ်တု ၂ ရုပ်မှာ ဓက္ကားမင်း(ခေါ်) အဘိုးရှင်နတ်မောင်နှင့် မြောက်ဦးနန်းသူ ဂမှုံးဖြူအမည်ရှိ နတ်ရုပ်များဖြစ်သည်။
အဆိုပါနတ်ရုပ်များကို သံဆန်ကာများဖြင့်ခြံခတ်ကာရံထားသော်လည်း မသမာသူများက ယမန်နေ့ ဇွန်လ ၁ ရက် ည ၉ နာရီကျော်အချိန်တွင် ယင်းခြံစည်းရိုးကိုကျော်ကာ နတ်ရုပ်များ၏ မျက်လုံးများနှင့်နှာခေါင်းများကို ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု မြောက်ဦးမြို့ခံ ကိုကျော်စိုးနိုင်က ပြောသည်။
"အဓိကဖျက်ဆီးခံလိုက်ရတာက မျက်လုံးတွေပါ။ ခန္ဓာကိုယ်မှာတော့ အနည်းငယ် ပွန်းပဲ့သွားတာတွေ တွေ့ရပါတယ်"ဟု ဆိုသည်။
အဆိုပါနတ်ရုပ်များပျက်စီးနေသည်ကို ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် နန်းတော်ရာကုန်းသို့ အမြဲတမ်းသွားလာနေကြသည့် မြို့ခံလူကြီးများက မြင်တွေ့ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြောက်ဦးမြို့ရှေး/သုမှ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့ရာ ၎င်းတို့မှာ အစည်းအဝေးပြုလုပ်နေသည်ဟု ပြောဆိုပြီး ဖုန်းချသွားခဲ့သည်။
လက်ရှိတွင် ယင်းနတ်ရုပ်များ၏ ပျက်စီးသွားသည့်အစိတ်အပိုင်းများအား ပြန်လည်ပြုပြင်ရေးလုပ်ငန်းများနှင့် နတ်ရုပ်များ၏ သမိုင်းကြောင်းအတ္ထုပ္ပတ္တိတို့ကို မသိရှိရသေးပေ။ (NN-13)
ဓာတ်ပုံ - ကိုခိုင်မင်းသျှင်

ဆက်စပ် သတင်းများ