တနင်္ဂနွေ၊ ဇူလိုင်လ ၁၄ရက်၊ ၂၀၂၄

မင်းပြားတွင် လက်နက်ကြီးကျည်ကျ၍ ရဟန်းတော် ၁ပါးအပါအဝင် နောက်ထပ်ဒေသခံ ၃ ဦး ဒဏ်ရာရ၊ ဈေးကြီးလည်း မီးလောင်နေ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၀ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် မင်းပြားမြို့တွင် စစ်ကောင်စီတပ်ကပစ်ခတ်သော လက်နက်ကြီးကျည်ကျ၍ ဈေးမီးလောင်နေကာ ရဟန်းတော် ၁ပါးအပါအဝင် နောက်ထပ်ဒေသခံ ၃ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီ ၁၀ ရက်၊ မနက် ၁၁နာရီအချိန်ခန့်က စစ်ကောင်စီတပ်၏ ခမရ (၃၇၉)၊ (၃၈၀) ၊ (၅၄၁) တပ်တို့မှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်မှုကြောင့် မင်းပြားဈေးထဲတွင် ကျရောက်ပေါက်ကွဲကာ မီးလောင်နေကြောင်း စုံစမ်းသိရသည်။

မင်းပြားမြို့ခံတစ်ဦးက "မင်းပြားဈေးကတော့ မီးလောင်နေတယ်။ သိပ်မပြင်းသေးဘူး။ အချိန်မီ မီးသတ်နိုင်ရင်တော့ မီးငြိမ်းနိုင်လောက်တယ်။ ပုဏ္ဏားကျွန်းဈေးလိုဖြစ်မှာ စိုးရိမ်ရတယ်။ ပြီးတော့ လေယာဉ်နဲ့ပစ်လို့ မြို့မတောင်ကျောင်းမှာလည်း ဗုံးကျပြီး ဆရာတော်တစ်ပါး ဦးခေါင်းမှာ ဒဏ်ရာရတယ်။ ကျောင်းလည်း ပြိုသွားပါတယ်" ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသွားသူများမှာ မင်းပြားမြို့၊ မြို့မတောင်ကျောင်းမှ သက်တော် (၆၀)နှစ်ရှိ ဆရာတော် ဦးကဝိသာရ(ဦးခေါင်း ကျည်စထိ)၊ မင်းပြားမြို့နယ် ဖားပြိုကျေးရွာမှ မိန်းကလေးငယ် တစ်ဦးနှင့် ဦးမောင်ကျော်မြတို့ဖြစ်သည်ဟု သိရသည်။


ယနေ့ အစောပိုင်းကလည်း မင်းပြားမြို့၊ ပြည်တော်လှ ရပ်ကွက်တွင်လည်း  စစ်ကောင်စီ တပ်ရင်းများက လက်နက်ကြီးပစ်ခတ်စဥ် နေအိမ်အနီးကျရာက်ပေါက်ကွဲ၍ ဦးမောင်ကျော်ထွန်း (၅၆)နှစ်မှာ ဝမ်းဗိုက်တွင် ကျည်စထိမှန်ကာ ဒဏ်ရာရရှိသွားသည်။

မင်းပြားမြို့တွင် ယနေ့ဇန်နဝါရီလ ၁၀ရက်၊ နံနက် ၆နာရီအချိန်မှစတင်ကာ ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတပ်စခန်းချထားသော ကျိန်းတောင်၊ ၎င်းအပြင် စစ်ကောင်စီတပ်ရင်းများဖြစ်ကြသည့် (၃၈၀)၊ (၅၄၁)၊ (၃၇၉)စသည့် တပ်ရင်းများကိုလည်း ရက္ခိုင့်တပ်တော်(AA)က  ဝင်ရောက် တိုက်ခိုက် နေခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ထိုသို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့် မင်းပြားမြို့နှင့် အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို ရဟတ်ယာဉ် တစ်စီးဖြင့်လည်း ပစ်ခတ်ကာ ဂျက်လေယာဉ် တစ်စီးဖြင့်လည်း ဗုံးကြဲ တိုက်ခိုက်နေသည်ဟု သိရသည်။(NN-12)

ဓာတ်ပုံ - ပေးပို့

ဆက်စပ် သတင်းများ