ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

၂ဝ၁၅-၂ဝ၁၆ ခုနှစ်ကတည်းက ကျပ် ၁၆၆ဝသန်းအကုန်ကျခံဖောက်လုပ်ခဲ့သည့် သဲခုံ-ဆံတော်ရှင်လမ်း မပြီးစီးဘဲတစ်ပိုင်းတစ်စဖြင့်ရပ်နားထား၍ ဒေသခံများအတွက်နစ်နာမှုရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 2.5k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၇/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်အစိုးရ၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ရန်ပုံငွေ ကျပ် ၁၆၆ဝ သန်း အကုန်ကျခံ ဖောက်လုပ်ခဲ့သည့် စစ်တွေမြို့ တစ်ဖက်ကမ်း သဲခုံ-ဆံတော်ရှင်လမ်းမှာ လက်ရှိ အစိုးရသက်တမ်းကုန်ခါနီးနေပြီ ဖြစ်သော်လည်း အပြီးမသတ်ဘဲ တစ်ပိုင်းတစ်စဖြင့် ရပ်ထားသဖြင့် ဒေသခံများ၏ စီးပွားရေး၊ လူမှုရေးအပိုင်းတွင် အထူးနစ်နာမှုရှိနေကြောင်း သတင်းရရှိသည်။

မြေငူကျွန်း၊ ဂြင်းချောင်းကျေးရွာမှ ရပ်မိရပ်ဖ ဦးစောလှဖြူက “အဲဒီလမ်းကို တောင်ဘက်နဲ့ မြောက်ဘက်ခွဲပြီး ကုမ္ပဏီနှစ်ခုက လုပ်ကြတာ။ မြောက်ဘက်ပိုင်းလမ်းက မြေသားလမ်းပဲ လုပ်ခဲ့တယ်။ တောင်ဘက်ပိုင်းလမ်းက နှစ်ဆယ့်ငါး ရာခိုင်နှုန်းလောက် ပြီးခဲ့တယ်။ အခုအဲဒီပြီးခဲ့တဲ့ အပိုင်းတွေကလည်း ပျက်စီးသွားပြီ” ဟု နိရဥ္စရာသို့ ပြောသည်။

၎င်းလမ်းသည် ပေါက်တောမြို့နယ် အနောက်ဖရုံကာကျွန်း (မြေငူကျွန်း) တောင်ဘက်အစွန်ဆုံး သဲခုံမှ ဆံတော်ရှင်ဘုရားထိ ကျွန်းအနောက်ဘက်ကမ်းခြေမှ ဖောက်လုပ်သောလမ်းဖြစ်ပြီး မိုင် ၂ဝ ခန့် ရှည်လျားသည်ဟု သိရသည်။

“ဒေသခံတွေအနေနဲ့ အဲဒါကို ပြန်လုပ်ပေးစေလိုပါတယ်။ ဒီလမ်းက ဒီဒေသအတွက် အရမ်းအရေးကြီးတယ်။ မိုးတွင်းဆိုရင် စစ်တွေကို သွားရတာ အရမ်းအန္တရာယ်ကြီးတဲ့အတွက် ဒီလမ်းရှိရင် သဲခုံကနေ စစ်တွေကို ချက်ချက်ချင်း သွားပြန်လုပ်လို့ရတယ်။ စစ်တွေကနေ ဆံတော်ရှင်ဘုရားဆိုရင်လည်း ရာသီမရွေး သွားဖူးနိုင်တယ်။ ဒေသခံတွေအတွက်လည်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစစအရာရာ အဆင်ပြေနိုင်တယ်။ ဒါကြောင့် ဒီလမ်းကို အမြန် ပြန်ဖောက်ပေးစေချင်တယ်” ဟု ၎င်းက ပြောသည်။  

အဆိုပါလမ်းကို ရိုးမမြေကုမ္ပဏီနှင့် သန်းနိုင်မိသားစုကုမ္ပဏီတို့က ပြည်နယ် အစိုးရဘတ်ဂျက်ငွေဖြင့် ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်က ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဖောက်လုပ်ခဲ့ရာတွင် မြေသားလမ်းပိုင်းကို ဖောက်လုပ် ခဲ့သည့် သန်းနိုင်ကုမ္ပဏီမှ ပြီးစီး၍ အစိုးရကို အပ်နှံနိုင်ခဲ့သော်လည်း တံတားများပါဝင်သည့် တောင်ဘက် လမ်းပိုင်ကို လုပ်ခဲ့သည့် ရိုးမမြေကုမ္ပဏီမှ မပြီးစီးဘဲ တစ်ပိုင်းတစ်စဖြင့် ရပ်နားထားခဲ့ကြောင်း ပေါက်တော မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောသည်။

“ ဒီလမ်းက ဒေသခံတွေအတွက်လည်း အရမ်းအရေးကြီးပါတယ်။ ခေတ်အဆက်ဆက်ကလည်း အဲဒီဘက်မှာ လမ်းဆိုတာကို မမြင်ဖူးဘူး။ မိုင် တစ်ဆယ်၊ နှစ်ဆယ်ရှည်တဲ့ခရီးကို ခြေလျင်ပဲ အားကိုးပြီး သွားနေရတယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အစစအရာရာ ဒေသခံတွေအတွက် နောက်ကျကျန်ခဲ့တဲ့ အနေအထားမှာ ရှိတယ်။ အခုလုပ်ထားတဲ့ လမ်းက သုံးလို့မရတဲ့အတွက် လမ်းလုပ်တာဟာ ဒေသခံတွေအတွက် အကျိုးပြုမှု မရှိဘူး။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် အဲဒီကျွန်းက ဖောင်းခါး၊ ကြွီပြင်၊ ပြင်ပုတ်တို့ဘက်က ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အသက်ဆုံးရှုံးခဲ့ရတာတွေရှိတယ်။ အဲဒီလမ်းမရှိလို့ ပင်လယ်ကို အားကိုးပြီး သွားရတော့ မိုးရာသီတွေဆိုရင် စက်လှေထွက်မရတာတွေရှိရင် ဆေးရုံကိုမရောက်ဘဲ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ အသက်ပေးလိုက်ရတာတွေရှိတယ်။ ဒီလမ်းဟာ တကယ့်ကို လုပ်သင့်လုပ်ထိုက်တဲ့ လမ်းပါ” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ လမ်းကိစ္စနှင့်ပတ်သက်ပြီး သန်းနိုင်ကုမ္ပဏီသို့ ဆက်သွယ်ရာ သဲခုံမှ ဖောင်းခါးထိ မြေသားလမ်း (၁ဝ) မိုင် ဖောက်လုပ်ခဲ့ကြောင်း၊ လမ်းပေါ်တွင် ပေ ၁ဝဝ တံတားနှစ်စင်းနှင့် ၆ဝ ပေ တံတားတစ်စင်းတို့အား တည်ဆောက်ပြီးစီးခဲ့၍ အစိုးရထံအပ်နှံခဲ့ကြောင်း၊ တောင်ဘက်လမ်းပိုင်း ၁ဝ မိုင်မှာ ၎င်းတို့နှင့် သက်ဆိုင်မှု မရှိဘဲ တစ်ခြားကုမ္ပဏီနှင့်သာ သက်ဆိုင်ကြောင်း မန်နေရဂျာဖြစ်သူ ဦးသန်းနိုင်က ပြောကြားသည်။

ရိုးမမြေကုမ္ပဏီမှာ လက်ရှိအချိန်ထိ ဆက်သွယ်၍ မရသေးသဖြင့် မေးမြန်းတင်ပြနိုင်ခြင်းမရှိပါ။

ယင်းကိစ္စနှင့်ပတ်သက်ပြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံသို့ နိရဥ္စရာ  သတင်းဌာနမှ ဆက်သွယ် မေးမြန်းရာ ကျေးလက်လမ်းစာရင်းထဲကို ဝင်အောင်ကြိုးစားနေကြောင်း ပြောကြားသည်။

“အဲဒါက လွန်ခဲ့တဲ့အစိုးရလက်ထက်တုန်းက ဘတ်ဂျက်ဘယ်လောက်သုံးခဲ့လဲဆိုတာကိုတော့ စာအုပ်ကို ပြန်လှန်ကြည့် မှရမယ်။ လွန်ခဲ့တဲ့အစိုးရလက်ထက်က လုပ်ခဲ့တယ်။ ဒီအစိုးရလက်ထက်မှာက အဲဒီဥစ္စာကို လက်ခံလိုက်တယ်။ သို့သော်လည်း အဲဒီလမ်းနဲ့ပတ်သက်ပြီးတော့ ကျေးလက်လမ်းစာရင်းထဲကို ဝင်အောင် ကြိုးစားနေတယ်။ ဝင်ပြီးရင်တော့ ပြင်ထိန်းလုပ်ငန်းတွေနဲ့ ဆက်လုပ်သွားလို့ရမှာပေါ့။ ကျွန်တော်တို့က အဲဒါကို ရန်ပုံငွေနဲ့ ဆက်လုပ်သွားမယ်” ဟု ဝန်ကြီးက ပြောသည်။

သဲခုံ- ဆံတော်ရှင်လမ်းကို ယခင်ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဖောက်လုပ်ခဲ့သောလမ်းဖြစ်ပြီး ယခု NLD အစိုးရလက်ထက်တွင် တစ်စုံတစ်ရာစစ်ဆေးခြင်း၊ ဒေသခံများနှင့် ဆွေးနွေးခြင်း၊ ဆက်လက် ဖောက်လုပ်ခဲ့ခြင်း မရှိဟု ဒေသခံများက ပြောသည်။  

၎င်းလမ်းနှင့် ပတ်သက်ပြီး ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ဦးအောင်ကျော်ထွီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံမှ သက်ဆိုင်ရာလွှတ်တော် အသီးသီးတွင် တင်ပြခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှု မရှိခဲ့ဟု သိရသည်။

အဆိုပါလမ်းအား သွားလာ၍ အဆင်ပြေအောင် တာဝန်ရှိသူများက လုပ်ပေးမည်ဆိုပါက ဒေသခံများအတွက် အထူးအကျိုးကျေးဇူးရှိမည်ဟု သဲခုံကျေးရွာမှ ဒေါ်မမြင့်ဇံက ပြောသည်။

“အဲဒီလမ်းက လုပ်လို့တောင်မပြီးသေးဘူး ပျက်သွားပြီ။ ဒီလမ်းကိုသာ ချောအောင်လုပ်ပေးမယ်ဆိုရင် အရမ်း ကောင်းမှာပါ။ အလုပ်ပိတ်ရက်မှာ လူငယ်တွေ အပန်းဖြေလာကြတဲ့ ငှက်ခေါင်းကျောက်ဆောင်တို့ကို ဖြတ်ပြီး သွားရမယ်။ တခြား ကျောက်ဆောင်ကြီးတွေရှိတဲ့နေရာတွေက ဖြတ်သွားရမယ်။ ရှုခင်းတွေ၊ ပင်လယ်ပြင်ကြီး တွေကိုကြည့်ပြီး သွားရတာဆိုတော့ လူကိုစိတ်အပန်းလည်းပြေစေပါတယ်။ ဒေသခံတွေအတွက်လည်း စီးပွားရေး ကောင်းမယ်” ဟု နိရဥ္စရာသို့ ပြောသည်။

၂ဝ၁၄ ခုနှစ်က ပေါက်တော မြို့နယ်အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးကျော်စိုးလွင်က ၎င်းလမ်းအား ပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် အပြီးသတ် ကတ္တရာခင်းပြီး အဆင့်တိုးမြှင့်တည်ဆောက်သွားမည်ဖြစ်ကြောင်းကို နိရဥ္စရာသို့ ပြောကြားခဲ့ဖူးသည်။

(ဓာတ်ပုံ- ရိုးမမြေကုမ္ပဏီမှ ဖောက်လုပ်ခဲ့သည့် လမ်းပိုင်းမှ တံတားတစ်စင်းအားတွေ့ရစဉ်)

ဆက်စပ် သတင်းများ