ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရာမောင်တံတားအသစ် လာမည့်မတ်လအကုန်တွင် ပြီးစီးရန်လျာထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 8.4k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၂/၂ဝ၂၁

ရန်ကုန်- စစ်တွေအဝေးပြေးကားလမ်းပေါ်ရှိ လေးမြို့မြစ်ကိုဖြတ်ထိုး တည်ဆောက်နေသည့် မင်းပြားမြို့နယ်မှ ရာမောင်တံတားသစ်ကို လာမည့်မတ်လအကုန်တွင် ပြီးစီးရန် လျာထားကြောင်း တံတားအထူးအဖွဲ့ (၇) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးမင်းခိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ အခုအနေအထားအရတော့ ကျနော်တို့က  ၃ လပိုင်းအကုန် အပြီးလျာထားပါတယ်ခင်ဗျ။ နယ်မြေ အနေအထားအရ အပြောင်းအလဲရှိရင်တော့ တချို့ကိစ္စတွေကိုလည်း လုပ်မရဘူးလေ။ကြားထဲမှာ ဘယ်လို  အခဲအခက်တွေ ပေါ်လာမှာလဲဆိုတာကိုတော့ ကျနော်တို့ကလည်း ကြိုမပြောနိုင်ဘူး။ ၃ လပိုင်းအကုန်တော့ ကျနော်တို့ ပြီးစီးဖို့ လျာထားပါတယ်ခင်ဗျာ” ဟု ၎င်းကပြောသည်။

တံတားမှာ သံကူကွန်ကရစ်ကြမ်းခင်းအမျိုးအစားဖြစ်ပြီး တံတား၏ ရေလမ်းကင်းလွတ်အမြင့်ပေ ၂ဝ၊ ရေလမ်း ကင်းလွတ် အကျယ်ပေ ၁၈ဝ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် တစ်ဘက်လျှင် ၃ ပေ ရှိပြီး စုစုပေါင်း တံတားအကျယ် ၃၄ ပေ၊ တံတား၏ ခွင့်ပြုယာဉ်အလေးချိန်မှာ တန်(၆ဝ)ဖြစ်သည်ဟု သိရသည်။

ရာမောင်တံတားမှာ ပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်ကြောင်း  မင်းပြားမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

“ တံတားကတော့ အခု ကြမ်းခင်းလည်း ပြီးပြီ။ ဘေးက ပလပ်ဖောင်းတွေကို တင်နေပါတယ်။ အဲဒါပြီးရင်တော့ သူတို့မှာ ပြီးပြီ။ ဒါပေမယ့် ချည်းကပ်လမ်းကတော့ တစ်ဖက်က ပြီးပြီ။ နောက်တစ်ဖက်က မလုပ်ရသေးဘူး။ ချည်းကပ်လမ်းအတွက် မြေဖို့ရမယ့်နေရာမှာ ကားတွေက ဇက်နဲ့ကူးနေရတဲ့အတွက် မြေမဖို့ရသေးဘူး” ဟုပြောသည်။

ရာမောင်တံတားအသစ်ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ တံတား၏ ခန့်မှန်းကုန်ကျငွေမှာ ကျပ်သန်းပေါင်း တစ်သောင်းနှစ်သောင်း၊ တံတားအရှည်ပေမှာ ၁၂၈၄.၃ ပေ (၃၉၁.၄၄ မီတာ) ဖြစ်ကြောင်း တံတားအထူးအဖွဲ့မှ တဆင့်သိရှိရသည်။

ဆက်စပ် သတင်းများ