သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မင်းပြားရာမောင်တံတား ဇက်ကူးတို့ရေယာဉ် ၄ ရက်ခန့်ပျက်နေ၍ ကားအစီး ၃ဝဝ ခန့်ပိတ်မိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 5.9k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဧပြီ ၁/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်မြစ်ကို ဖြတ်ပြီး ကူးတို့ပို့နေသည့် ဇက်ရေယာဉ် ၃စီးစလုံးမှာ ပျက်နေ၍ မတ်လ ၂၈ ရက်မှ ယနေ့ ဧပြီလ ၁ ရက်နေ့အထိ ကုန်ကား၊ လူစီးကား စုစုပေါင်း ၃ဝဝ နီးပါးပိတ်မိနေကြောင်း သတင်းရရှိသည်။
ရာမောင်တံတားအဟောင်းမှာ ကုန်တင်ကားဝန်တန်ချိန်ကို မခံနိုင်၍ အသစ်တံတားတစ်စင်း ထပ်မံ အသစ်တည်ဆောက်နေရာ လက်ရှိတွင် ဇက်ကူးတို့ရေယာဉ် ၃ စီးဖြင့် ရာမောင်မြစ် တစ်ဘက် တစ်ချက်ကို တာဝန်ယ ူကူးပေးနေခြင်းဖြစ်သည်။
ကေသီဦးကားဂိတ်တာဝန်ခံ ဦးမောင်ဝင်းရွှေက “ သက်ဆိုင်ရာက အဆင်ပြေအောင်လုပ်ပေးစေချင်တယ်။ အခုလိုမျိုး ဇက်ကိုအားကိုးပြီး ခရီးသွားလာနေကြတာ ။ ကျွန်တော်တို့ ကဏန်းတွေ၊ ငါးရှဉ့်တွေ အကုန် ဆုံးရှုံးရတော့မယ်။ သိန်းသုံးလေးရာဖိုးဆုံးရှုံးသွားရင် ဘယ်လိုလုပ်မလဲ။ ကျန်တဲ့လူတွေမှာလည်း ကုန်စိမ်းတွေဆိုရင်သွားပြီပေါ့။ လူစီးကားတွေက လူတွေကတော့ ထမင်းစားရတာတွေအခက်အခဲရှိတာပေါ့။ ဇက်ကို လေလံ ဆွဲထားတဲ့လူတွေကို ဇက်သင်္ဘော အကောင်းနဲ့ လုပ်ပေးဖို့ သက်ဆိုင်ရာက ညွှန်ကြားသင့်တယ်” ဟုပြောသည်။
စစ်တွေမှ မန္တလေးမြို့သို့ ပို့ဆောင်နေသည့် ငါးရှဉ့်များကို တင်လာသည့် ကုန်တင်ကားများအနေဖြင့် ရက်တာရှည်လာသဖြင့် လုံးဝ အရှုံးပေါ်နိုင်၍ သက်ဆိုင်ရာမှ ဇက်ကူးတို့ရေယာဉ်များကို အချိန်မီ ပြုပြင်ရန် လိုအပ်နေသည်ဟု စစ်တွေမှ မန္တလေးမြို့သို့ ပို့ဆောင်နေသည့် ငါးရှဉ့်ကုန်သည်တစ်ဦးဖြစ်သူ ကိုထွန်းထွန်းဝင်း က ပြောသည်။
“ အတော် အခက်အခဲဖြစ်နေပါတယ်။ ကျွန်တော် မတ်လ ၃ဝ ရက်နေ့မနက်ကတည်း ရောက်နေတာပါ။ ဘယ်လိုမှ ကူးလို့မရတာကြောင့့် အခက်အခဲဖြစ်နေပါတယ်။ ကျွန်တော့မှာ ငါးရှဉ့် ကား ၆ စီးပါတယ်။ အကုန် ဆုံးရှုံးသွားရတော့မယ်။ သက်ဆိုင်ရာက ကူညီပေးစေချင်တယ်။” ဟုပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သတ်၍ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းအား မေးမြန်းရာ ၄င်းမှာ ခရီးမှ ရောက်ခါစဖြစ်သဖြင့် အဆိုပါ ဇက်ကူးတို့ အကြောင်းကို သိရှိထားခြင်း မရှိသည့်အတွက် ပြည်နယ် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းသန်းအား မေးမြန်းပေးရန် ပြောကြားသဖြင့် ဗိုလ်မှူးကြီးမင်းသန်းအား ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။

ဆက်စပ် သတင်းများ