ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မင်းပြား ရာမောင်တံတားသစ် များမကြာမီ ရက်ပိုင်းအတွင်းဖြတ်သန်းခွင့်ရတော့မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 5.4k

ချစ်အိလှိုင်

နိရဥ္စရာ၊ မေ ၃၁/ ၂ဝ၂၁

အချိန်ကာလ နှစ်နီးပါး ကြာမြင့်စွာ တည်ဆောက်ခဲ့ရသည့် အရှည် ပေ ၁၃၀၀ ခန့်ရှိသည့် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်မှ မင်းပြားမြို့ ရာမောင်တံတားသစ်မှာ ပြီးစီးသွားပြီ ဖြစ်သဖဖြင့် တံတားအပေါ်မှ ကားများ ဖြတ်သန်းခွင့်ကို ခုလာမည့် ဇွန်လအတွင်း ခွင့်ပြုမည်ဟု ရခိုင်ပြည်နယ် လမ်းတံတား ဆောက်လုပ်ရေး အထူး(၇)အဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းခိုင်က နိရဉ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ဟိုတခေါက်ကျွန်တော်ပြောထားသလို Load Test ( တံတားခံနိုင်ရည်) စမ်းပြီးသွားပြီ။ ရုံးချုပ်ကို တင်ပြထားတယ်။ ကျွန်တော်တို့က တံတားပြီးစီးကြောင်းနဲ့ Load Test စမ်းပြီးကြောင်းကို ရီပိုစ့်တင်ပြ ထားပါတယ်ခင်ဗျ။ ဒီဇိုင်းဌာနက အတည်ပြုပြီးလို့ ရုံးချုပ်က အိုကေပြီဆိုရင် ကျွန်တော်တို့ ဖြတ်ခွင့်ပေးမှာပါ။ ငါးလပိုင်းကုန်ရင် ခြောက်လပိုင်းအတွင်းမှာပေါ့။ ခြောက်လပိုင်း ပထမအပတ်လည်း ဖြစ်နိုင်တယ်။ ဒုတိယ အပတ်လည်းဖြစ်နိုင်တယ်။ သေချာတာကဖြတ်လို့ရမယ်လို့ကျွန်တော်ထင်ပါတယ်။ ဖွင့်ပွဲကတော့ ကျွန်တော်မသိဘူးဗျ။ အမြန်ဆုံးပေး ဖြတ်သန်းခွင့်ပြုတာက အကောင်းဆုံးပါဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကလည်း ယခုမေလကုန်ပြီး ဇွန်လဆန်းပိုင်းတွင် ကားများဖြတ်သန်းခွင့်ပေးမည်ဟု ကြားသိရကြောင်း ပြောသည်။

ယေဘုယျအားဖြင့် ဒီလကုန်လို့ရှိရင်ကားတွေကို မောင်းခွင့်ပြုမယ်ပေါ့။ သူတို့ပြောတဲ့စကားအတိုင်းဆိုလို့ရှိရင် စမ်းသပ်မောင်းနိုင်ပြီပေါ့နော်။ ဖွင့်ပွဲရယ်လို့တော့ မသတ်မှတ်သေးပဲ မောင်းခွင့်ပေးမယ်ဆိုပြီး အဲလောက်ပဲသိသေးတယ်။ ရက်အတိအကျကိုတော့ လမ်းတံတားအဖွဲ့ကိုမေးမှ သိရမှာပေါ့။ဟုပြောသည်။ 

၄င်းရာမောင်တံတားသည် ရခိုင်ပြည်နယ်အတွင်းမှ အရေးပါသော တံတားတစ်စင်းဖြစ်ပြီး  ဆောက်လုပ်နေသည့် နှစ်နီးပါး ကာလအတွင်း ဇက်ရေယာဉ်နှစ်စီးဖြင့် မြစ်ကူးကာ ကားများသွားလာခဲ့ရကြောင်း၊ လက်ရှိတွင် အစိုးရမှ ဇက်ရေယာဉ်အသစ်တစ်စီးအား  ယခု မေလထဲတွင်ချပေးခဲ့ရာ အနည်းငယ် အဆင်ပြေ လာခဲ့သော်လည်း တံတားမှ ကူးသန်းခွင့် ရချင်ကြောင်း ကေသီဦးကားဂိတ်မန်နေဂျာ ဦးအောင်ဝင်းရွှေက ပြောသည်။

ကျွန်တော်တို့ တံတားကဖြတ်သန်းသွားချင်ပါပြီ။ တံတားလည်းပြီးနေတာကြာပြီ။ တစ်လတောင် ရှိပြီ။ဒီလကုန်ရင်ဖြတ်ခွင့်ပေးမယ်လို့ပြောထားတာ အမှန်တကယ်ဖြတ်ခွင့်ရချင်ပြီ။ အခုဇက်ရေယာဉ် အသစ်တစ်စီးတော့ ချပေးထားတယ်။ ဒါပေမယ့် ကားတွေကများတော့ ခါတိုင်းလိုပဲ စောင့်ရတာပါပဲ။ တံတားက ဖြတ်ကူးရတာနဲ့ ဘယ်တူမလဲဗျာ။ အမြန်ဆုံးသာဖြတ်ခွင့်ပေးစေချင်တယ်။ဟုပြောသည်။

၄င်းရာမောင်တံတားသစ် အရှည်မှာ ၁၂၈၄ ဒဿမ ပေ၊ အကျယ် ၂၈ ပေရှိပြီး  ကျပ်သန်းပေါင်း ၁၂ဝဝ ခန့်ကုန်ကျခံကာ  ၂၀၁၈ ခုနှစ် အောက်တိုဘာလ မှ စတင်ပြီး နှစ်နီးပါးတည်ဆောက်ခဲ့ရသည်။  

Photo - ဆည်းဆာဦး

ဆက်စပ် သတင်းများ