သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရန်ကုန်-စစ်တွေကားလမ်းပေါ်ရှိ တိမ်ညိုတံတားဟောင်း ပြိုကျ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 3.3k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇွန် ၂ဝ / ၂ဝ၂၁
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ရန်ကုန်-စစ်တွေကားလမ်းပေါ်မှ တိမ်ညိုတံတားဟောင်းသည် ပြိုကျသွားကြောင်း သိရသည်။
အဆိုပါတံတားဟောင်းသည် ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့၊ နံနက်အရုဏ်ချိန်တွင်ပြိုကျသွားခြင်းဖြစ်ပြီး လူအသုံးမပြုတော့သည့်တံတားဖြစ်၍ ထိခိုက်မှုမရှိခဲ့ဟု တိမ်ညိုရွာသားများက ပြောသည်။
“မြောက်ဦးဘက်ကလာတဲ့အပိုင်း ပြိုကျသွားတာပါ။ ဒီနေ့မနက်အထိလည်း အဲဒီအတိုင်း တွဲလောင်းပြီး ရှိနေဆဲပါ။ အလယ်က ပြိုတာမဟုတ်တော့ စက်လှေတွေဘာတွေသွားလို့လည်း ရပါတယ်။ အခက်အခဲမရှိပါဘူး။”ဟု တိမ်ညိုရွာသား ဦးမောင်ငန်းက နိရဥ္စရာကို ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက အဆိုပါတံတားဟောင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဦးထုပ်အဝါဆောင်းထားသူအချို့က ဝက်အူလှည့်များကို ဖြုတ်နေသည်ကိုတွေ့ခဲ့ရပြီးနောက် ယခုကဲ့သို့ ပြိုကျသွားခြင်းဖြစ်သည်ဟု ဦးမောင်ငန်းက ဆက်ပြောသည်။
“ဘယ်အဖွဲ့ကလူတွေတော့ မသိဘူး။ သူတို့ သံဘောင်တွေက ဝက်အူတွေကို ဖြုတ်တယ်။ ကျနော်တို့တောင် သူတို့ တံတားကို ဖြိုဖို့လာပြီလားမသိဘူးဆိုပြီး ကြည့်ခဲ့သေးတယ်။ နောက်တစ်နေ့ကျတော့ ကမ်းပါးနားကနေပြီး ကျိုးကျသွားတာ။ သူတို့တွေ အဲလိုဖြုတ်ပစ်ခဲ့လို့ ပြိုကျသွားတာလား အဲလိုတော့ ခန့်မှန်းနေကြပါတယ်။”ဟု သူက ဆိုသည်။
အဆိုပါတံတားဟောင်းမှာ RPT သံပေါင်နှင့် တစ်လမ်းမောင်းတံတားအမျိုးအစားဖြစ်သည်။
ယင်းတံတား ကြံ့ခိုင်မှုအားနည်းလာ၍ တံတားဟောင်းနှင့်ကပ်လျက် တံတားသစ်တစ်စင်းကို ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် အစိုးရက စတင်ဆောက်လုပ်ပေးထားသည်။
ယင်းတံတားသစ်သည် RC နှစ်လမ်းသွားတံတားအမျိုးအစားဖြစ်ပြီး အရှည်ပေ ၃၆ဝ ၊ တံတားအကျယ် ပေ ၃ဝ နှင့် တစ်ဘက်လျှင် လူသွားလမ်း ၃ ပေစီ ပါရှိသည်။ ကျပ် ၂၂၈ဝ သန်းအကုန်အကျခံတည်ဆောက်ထားခြင်းဖြစ်ပြီး ၂ဝ၁၉ ခုနှစ်၊ အစောပိုင်းတွင် ဖွင့်လှစ်အသုံးပြုလျက်ရှိနေသည်။
ဓာတ်ပုံ - ခိုင်မင်းသျှင်


ဆက်စပ် သတင်းများ