ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်သို့ ယာဉ်ကုန် (၁၆) တန်ကျော်သည့် ကားများကို ဝင်ခွင့်မပြုကြောင်း လမ်းဦးစီးဌာနမှညွှန်ကြားချက်ထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 5.7k

ထက်အောင်
နိရဉ္စရာ၊ ဇူလှိုင် ၁/ ၂၀၂၁
ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လျှက်ရှိသော (၈) ဘီးနှင့်အထက် ကုန်တင် ယာဉ်ကြီးများ ဝင်ရောက်မှုကြောင့် လမ်း/ တံတားများ ပျက်စီးမှုမှ ကာကွယ်ရန် အတွက် ယာဉ်+ ကုန် (၁၆) တန် အထိသာ မော်တော်ယာဉ်များကို ဖြတ်သန်း ခွင့်ပြုမည်ဖြစ်ပြီး သတ်မှတ်တန်ချိန်ထက်ကျော်ပါက ဖြတ်သန်းခွင့်မပြုကြောင်း လမ်းဦးစီးဌာနမှ သက်ဆိုင်ရာ ခရိုင်လမ်းဦးစီးဌာနသို့ အကြောင်းကြား လာကြောင်း သံတွဲခရိုင် လမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး စောမြတ်ခိုင် လက်မှတ်ဖြင့် ကြေညာချက်တစ်စောင်အား ထုတ်ပြန်ထားသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်းသို့ ကုန်တင်ယာဉ်ကြီးများ အဓိကဝင်ရောက်သော မင်းဘူး- အမ်း- စစ်တွေလမ်း၊ ပြည်- တောင်ကုတ်လမ်း၊ သံတွဲ- ဂွလမ်း၊ ငသိုင်းချောင်း- ဂွလမ်းနှင့် တောင်ကုတ်- မအီ- ကျောက်ဖြူလမ်း တို့တွင် မိုးတွင်းကာလ၌ လမ်းများပျက်စီးမှု နှစ်စဉ်ဖြစ်ပေါ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။
ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လျှက်ရှိသော (၈) ဘီးနှင့် အထက် ကုန်တင်ယာဉ်ကြီးများ ဝင်ရောက်မှုကြောင့် လမ်း/ တံတားများ ပျက်စီးမှုမှ ကာကွယ်နိုင်ရန် ယာဉ်+ ကုန် (၁၆) တန် အထိသာ မော်တော်ယာဉ်များကို ဇူလိုင်လ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့ထိ ဖြတ်သန်းသွားလာခွင့် ပြုကြောင်း ရည်ညွှန်းပါစာဖြင့် ညွှန်ကြားရေးမှူး(မြို့ပြ)၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏ (၂၉- ၆-၂၀၂၁) ရက်စွဲပါစာအမှတ်၊ အခမ/ ညွှန်မှူး(ရခိုင်)/ ယာဉ်+ ကုန်/ ၂၀၂၀- ၂၀၂၁/ ၁၁၀၁ ဖြင့်အကြောင်းကြားလာကြောင်း ကြေညာချက်တွင်ဖော်ပြသည်။
လမ်းဦးစီးဌာနအနေဖြင့် ယင်းကဲ့သို့ ထုတ်ပြန်ချက်ဖြင့် စည်းကမ်းတကျလုပ်ဆောင်ခြင်းအပေါ် ကောင်းမွန်ကြောင် ရွှေပြည်သစ်ကားဂိတ်မှ ဂိတ်မှူးတစ်ဦးက ပြောသည်။
စစ်တွေအခြေစိုက် ရွှေပြည်သစ်ကားဂိတ်မှ ဂိတ်မှူးတစ်ဦးက “ လမ်းဦးစီးဌာနက ထုတ်ပြန်တဲ့ညွှန်ကြားစာ မထသ ဆီကိုရောက်နေပါပြီ။ ဒီနေ့က စပြီးအဲဒီညွှန်ကြားချက်က အကျုံးဝင်ပါတယ်။ ဒါက သမားရိုးကျ ဖြစ်စဉ်တစ်ခုပါ။ မိုးတွင်းကာလမှာ ကျွန်တော်တို့ ရခိုင်ပြည်နယ်က လမ်းတွေ လမ်းတွေပျက်စီးမသွားအောင် စည်းစနစ်ကျကျ ထုတ်ပြန်လာတဲ့အပေါ်မှာ ကောင်းတယ်လို့မြင်ပါတယ်။ (၁၂) ဘီးကားကြီးတွေလာနေမယ်ဆိုရင် လမ်းကပိုဆိုးသွားမှာပေါ့။ ကောင်းပြီးသားလမ်းတွေလည်း ပျက်သွားမှာပေါ့။ အဲဒါကြောင့် ၁၂ လရာသီ ပတ်လုံး ဘယ်ကားမှ အတားအဆီးမရှိဘဲသွားနိုင်ပြီးတော့ ဒီထက်အဆင့်မြင့်တဲ့လမ်းတွေ ပေါ်လာရင်တော့ ပိုကောင်းမယ်လို့ မြင်ပါတယ် ” ဟု ပြောသည်။
တစ်ဖက်တွင်လည်း လမ်းဦးစီးဌာနအနေဖြင့် ယာဉ်+ ကုန် (၁၆) တန်ထက် ပိုမိုတင်ဆောင်လာသည့် ကုန်တင်ယာဉ်များ၊ (၈) ဘီးနှင့်အထက် ကုန်တင်ယာဉ်များအား ဖြတ်သန်းသွားလာခွင့်မပြုရန် ညွှန်ကြားချက်ထုတ်ထားသည့်အတွက် တန်ဆာခများ မြင့်လာနိုင်ကြောင်း ရွှေပြည်သစ်ကားဂိတ်မှူးက ပြောသည်။
လမ်းဦးစီးဌာန၏ ညွှန်ကြားချက်တွင် (က) ဝင်ရိုး (၂) ချောင်းပါ (၆) ဘီး၊ (ယာဉ်+ ကုန်) (၁၆) တန်အထိသာ ဖြတ်သန်းခွင့်ပြုရန်၊ (ခ)ဝင်ရိုး (၃) ချောင်းနှင့်အထက် (၈) ဘီးနှင့်အထက် ကုန်တင်ယာဉ်များ ဖြတ်သန်း သွားလာခွင့်မပြုရန်၊ (ဂ) ချွင်းချက်အနေဖြင့် လူစီး (၈) ဘီး၊ Express ယာဉ်နှင့် ဝင်ရိုး (၃) ချောင်းပါ (၈) ဘီး၊ ဆီးသယ်ယာဉ်များကို စက်သုံးဆီ (၂၈၀၀) ဂါလန်အထိသာ ခွင့်ပြုရန်နှင့် (ဃ) တံတားများတွင် တံတားခံနိုင်ဝန်အတိုင်း ခွင့်ပြုရန်။ ဟု ဖော်ပြထားခြင်း ဖြစ်သည်။
ထိုလမ်းများတွင် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာခြင်းကြောင့် မိုးတွင်းကာလ၌ လမ်းပေါ်ရေကျော်မှု၊ လမ်းသားပြတ်ကျမှု၊ တောင်မြေပြိုမှု ဖြစ်ပေါ်၍ လမ်းများပျက်စီးပြီး ဘေလီ+ သစ်သားတံတားများ၏ ကြံ့ခိုင်မှု အားနည်းခြင်းတို့ကြောင့် တံတားခံနိုင်ဝန်ထက် တန်ပိုဖြတ်သန်းပါက လမ်း/ တံတားများ ပျက်စီကာ လမ်းပန်းဆက်သွယ်မှု ပြတ်တောက် သွားနိုင်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အတွင်း အမ်းမြို့နယ်ဖက်မှလာသည့် ကုန်တင်(၁၂)ဘီးယာဉ်နှင့် တောင်ကုတ်မြို့မှလာသည့် ခရီးသည်တင်ယာဉ်တို့ လမ်းချော်ပြီး တိုက်မိရာမှ လူပေါင်း (၂၀) ကျော်ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့ဖူးသည်။

ဆက်စပ် သတင်းများ