စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ကျေးရွာပေါင်း (၅၀) ကျော် စစ်တွေမြို့နှင့် သွားလာအသုံးပြုနေသည့် အငူမော်-လောင်းချောင်း- စေတီပြင် ကားလမ်းပျက်စီးနေ၍ ဒေသခံပြည်သူများအခက်ကြုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 1.7k

ထက်အောင်
နိရဉ္စရာ၊ ဇူလိုင် ၁၅ / ၂၀၂၁
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသရှိ ကျေးရွာပေါင်း (၅၀) ကျော်က စစ်တွေမြို့နှင့် ဆက်သွယ် အသုံးပြုသွားလာနေသည့် အငူမော်-လောင်းချောင်း- စေတီပြင်ကျေးရွာ ကားလမ်းမှာ မိုးရာသီတွင် အထူး ပျက်စီးမှုများရှိနေသဖြင့် ဒေသခံ လူထုများ အနေဖြင့် သွားလာရေး အထူးအခက်ခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။
အငူမော်- လောင်းချောင်း- စေတီပြင်ကားလမ်းမှာ ကျောက်ခင်းလမ်း အမျိုးအစားဖြစ်ပြီး လောင်းချောင်းရွာထဲတွင် ကားလမ်းမှာ သွားလာ၍ မရလောက်အောင်ထိ ပျက်စီးနေပြီး နော်ဝေရွာထဲနှင့် စေတီပြင်ရွာအဝင်လမ်းမှာလည်း သွားလာ၍ မရလောင်အောင်အထိ အပိုင်းပိုင်း ပျက်စီးနေကြောင်း ဒေသခံများက ပြောကြားသည်။
မယူကမ်းဒေသဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးကျော်သန်းက “ အဓိက ပျက်စီးနေတာကတော့ စေတီပြင်ရွာအထွက် လမ်းဖြစ်ပါတယ်။ အဲဒါကလည်း လမ်းအထူး (၁၇) နဲ့ ဆိုင်ပါတယ်။ မယူတောင်ဖြတ်လမ်းအဆင်း လမ်းဆုံကနေပြီးတော့ အငူမော်အထိ ကျေးလက်လမ်းနဲ့ သက်ဆိုင်တယ်။ လမ်းအထူး (၁၇) ကလည်း သူ့တာဝန်သူလုပ်၊ ကျေးလက်လမ်းဦးစီးကလည်း သူ့တာဝန်သူလုပ် ဖို့လိုပါတယ်။ မိုးရာသီမှာ ဒေသခံတွေနဲ့ ပေါင်းစပ်ပြီးလုပ်ရင်ရပါတယ်။ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်း လုပ်ဆောင်ရင် ကောင်းမယ်လို့ ထင်ပါတယ်။ ဒီလမ်းက အခုလို ပျက်စီးနေတော့ ကိုယ်သွားလိုတဲ့နေရာကို အချိန်မီ သွားလို့မရဘူး။ လမ်းက ပျက်စီးနေတော့ အချိန်ကြန့်ကြာမှုတွေ ဖြစ်တယ်။ ဒေသခံတွေရဲ့ ကျန်းမာရေးကအစ ဆေးရုံဆေးခန်းတွေကို လာတဲ့အခါ အရမ်းခက်ခဲတယ်” ဟု ပြောသည်။
အဆိုပါ ကားလမ်းတစ်လျှောက်တွင် ကျေးရွာအများအပြားတည်ရှိပြီး ယင်းလမ်းကောင်းမွန်ပါက နာရီပိုင်း အချိန်အတွင်း စက်လှေဖြင့် မေယုမြစ်ကို ဖြတ်ပြီး စစ်တွေသို့ ရောက်ရှိနိုင်သည့် လမ်းဖြစ်သည်။
လမ်းအထူး (၁၇) မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှရွှေက “ အဲဒီ စေတီပြင် ဝင်ထွက်လမ်းက အရင်တုန်းက နတလ ဆီကနေ ကျနော်တို့လွဲယူထားတာ။ အဲလမ်းကို ကျနော်တို့က အခုပြန်မလုပ်ရသေးဘူး။ နွေရာသီတုန်းကတော့ ကျောက်တွေပါတွေ ထည့်ပြီးလုပ်လိုက်တယ်။ အခုမိုးရာသီရောက်လာတဲ့အခါ ကျောက်တိုက်တဲ့ ကားကြီးတွေသွားလို့ ဆွဲကြောင်းတွေပေါ်ပြီး အဲလိုဖြစ်သွားတာ။ ကွန်ကရစ်လမ်း ခင်းဖို့ကလည်း အဲဒီလမ်းက အစိုးရကပေးတဲ့ ရံပုံငွေမဟုတ်ဘူး။ ဂျပန်နိုင်ငံကနေ အကူအညီပေးတဲ့ ပိုက်ဆံနဲ့လုပ်တာ။ မနှစ်က အဲဒီနေရာတွေမှာ တိုက်ပွဲတွေဖြစ်တော့ နိုင်ငံခြားအကူအညီက ရပ်လိုက်တယ်။ ရပ်လိုက်တဲ့အခါကျတော့ ကျနော်တို့လည်း ဆက်လုပ်လို့ မရတော့ဘူး။ လောလောဆယ်တော့ ကျနော်တို့ ကျောက်တွေရှာပြီး လမ်းလုပ်ပေးဖို့ရှိပါတယ်။ ကျောက်ကတော့ အငူမော်သွားတဲ့ဖက်မှာ ရွာတစ်ရွာရှိတယ်။ အဲဒီရွာမှာ ကျောက်နည်းနည်းရှိတယ်လို့ကြားတယ် ” ဟု ပြောသည်။
လောင်းချောင်းကျေးရွာနှင့် စေတီပြင်လမ်းဆုံထိ လမ်းဖောက်လုပ်မှုအား တာဝန်ယူထားသည့် ကျေးလက်လမ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွယ်ကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။
ရသေ့တောင်မြို့နယ် မယူကမ်းဒေသမှ အငူမော်ကျေးရွာနှင့် စေတီပြင်တိုက်နယ်ကြား ဆက်သွယ်ထားသည့် ကားလမ်းတွင် မိုးတွင်းကာလရောက်လာခြင်းကြောင့် ဆိုးဝါးစွာပျက်စီးနေပြီး ဒေသခံ လမ်းသွားလမ်းလာများနှင့် ရပ်နီးရပ်ဝေးမှ ခရီးသွားပြည်သူများအတွက် လမ်းခရီးသွားလာရေးတွင် အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောကြားသည်။
၎င်းကားလမ်းမှာ မိုင်ပေါင်း (၂၇) မိုင် ရှည်လျားကာ ကားလမ်းတစ်လျှောက် ကျေးရွာပေါင်း (၂၀) ကျော်လောက် ကို ဖြတ်သန်းဖောက်လုပ်ထားပြီး မယူကမ်းဒေသတွင်း ကျေးရွာပေါင်း (၅၀) ကျော်လောက်က အားကိုးအားထားပြုနေရသည့် လမ်းသွယ်တစ်ခုလည်းဖြစ်သည်။
စေတီပြင်ကျေးရွာသည် အိမ်ခြေ ၈၀၀ ခန့်ရှိသည့် ရှိသည့် ကျေးရွာကြီး တစ်ရွာဖြစ်ပြီး ဒေသအတွင်း အရေးပါသော ရွာကြီးတစ်ရွာဖြစ်ပြီး နွေရာသီဆိုလျှင် စေတီပြင်တိုက်နယ်မှ ဒေသခံများအနေဖြင့် အထက်နန်းရာတောင်ကျော်လမ်းကို ဖြတ်ပြီး အငူမော်- မောင်တော ကားလမ်းမှ တစ်ဆင့် စစ်တွေကိုသာမက မောင်တောကိုလည်း သွားရောက်နိုင်သည်။
မိုးရာသီတွင် ၎င်း အထက်နန်းရာ တောင်ကျော်လမ်းမှာ သွားလာ၍ မရအောင် ပျက်စီးမှုများရှိနေသဖြင့် အငူမော်- လောင်းချောင်း- စေတီပြင် ကျောက်ကြမ်းလမ်းအတိုင်း မောင်နှင်သွားလာကြရသည်။
ထိုဒေသမှ ဒေသခံများ၏ ပြောပြချက်အရ အငူမော်- စေတီပြင်လမ်းပိုင်းသည် ဒေသခံပြည်သူများအတွက် အလွန်အရေးပါပြီး ယခုလိုပျက်စီးနေ၍ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးကို အကြီးအကျယ် ထိခိုက်နေကြောင်း ဒေသခံများက ပြောသည်။
မိုးရာသီ၌ ရခိုင်ပြည်နယ်တွင် မိုးရွာသွန်းမှုများသောကြောင့် မယူကမ်းဒေသရှိ ကားလမ်းသည် ပျက်စီးမှုများရှိသည့်အတွက် ထိုလမ်းအား အမြန်ဆုံး ကွန်ကရစ်လမ်းခင်းစေချင်ကြောင်း ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေက ပြောသည်။
“ ဆရာမတို့ လွှတ်တော်မှာ ရှိတဲ့အခါတော့ သက်ဆိုင်ရာဝန်ကြီးဌာနကို ပြောပြပြီးတော့ လုပ်ပေးပါဆိုပြီး တောင်ဆိုကြတယ်ပေါ့။ အခုတော့ ကွန်ကရစ်လမ်းက တစ်ပိုင်းတစ်ပိုင်းစီ ပါလာတယ်။ ကွန်ကရစ်လမ်းမခင်းတဲ့ ကြားထဲမှာ နေရာတွေကတော့ တော်တော်ကို ပျက်စီးနေတယ်။ မိုးရာသီဆိုရင် မယူကမ်း၊ စေတီပြင်ဖက်က လာတဲ့လူတွေ သွားရေးလာရေးက အရမ်းခက်ခဲပါတယ်။ အဲဒါကလည်း နှစ်စဉ်ကြုံနေရတယ်။ ဒါတွေကိုတော့ ဝန်ကြီးဌာနအနေနဲ့ လုပ်ပေးသင့်တာပေါ့။ အစိုးရအနေနဲ့လည်း ကိုယ့်ဒေသဖွံ့ဖြိုးဖို့အတွက် ပျက်စီးနေတဲ့ လမ်းတွေကို အမှန်တကယ်လုပ်ပေးသင့်တယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေက ဆိုသည်။
ဆက်လက်ပြီး လမ်းလုပ်ငန်းဆောင်ရွက်သည့်အခါတွင်လည်း အချိန်မဆွဲပဲ မြေသားလမ်းခင်းပြီး တစ်နှစ်အကြာတွင် ကျောက်ခင်းလမ်းဖောက်လုပ်သင့်ပြီး ကျောက်ခင်းလမ်းလုပ်ပြီးသည့် နောက်တစ်နှစ်တွင် ကွန်ကရစ် လမ်း ခင်းသင့်ကြောင်း သူကဆက်ပြောသည်။
ထိုလမ်းပိုင်းသည် မိုးတွင်းကာလရောက်လာလျှင် နှစ်စဉ်နှစ်တိုင်း လမ်းခရီးပျက်စီးမှုကြောင့် ဒေသခံများနှင့် ခရီးသွားပြည်သူများအတွက် သွားရေးလာရေးအခက်တွေ့ပြီး ယခုနှစ်မိုးတွင်းကာလ ကျောင်းဖွင့်ချိန်တွင်လည်း ထိုဒေသမှ ကျောင်းသူကျောင်းသားများ မှီခိုပြီး ကျောင်းတက်၊ ကျောင်းဆင်းလုပ်နေသည့် ကားလမ်းဖြစ်သည့် အတွက် အမြန်ဆုံးပြုပြင်ရန်လိုအပ်နေခြင်း ဖြစ်ကြောင်းသိရသည်။

ဆက်စပ် သတင်းများ