သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေမြို့ထဲနှင့်ဆတ်ရိုးကျကယ်ဆယ်ရေးရပ်ကွက်ကို ဆက်သွယ်ထားသည့် တံတား ယိုယွင်းပျက်စီးနေပြီး အန္တရာယ်ကျရောက်နိုင်ခြေရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 1.3k

နှင်းနွယ်နီ
နိရဥ္စရာ၊ ဇူလိုင် ၁၆/၂၀၂၁
စစ်တွေမြို့ ထဲနှင့် ဆတ်ရိုးကျတစ်ဖက်ကမ်း ကယ်ဆယ်ရေးရပ်ကွက်ကို ဆက်သွယ်ထားသည့် လူသွားလူလာများသည့် တံတားမှာ ယိုယွင်းပျက်စီးနေသည့်အတွက် ခရီးသွားပြည်သူများ အန္တရာယ်ကျရောက် နိုင်ခြေရှိနေကြောင်း ဒေသခံ ပြည်သူများက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။
၎င်းကယ်ဆယ်ရေးတံတားတွင် တံတားအခင်းဖြစ်သည့် သံပြားများ ပေါက်နေ၍ ၎င်းတံတားကို ဖြတ်သန်းသွားလာနေသည့် ယာဉ်အပါအဝင် လူပါ အန္တရာယ်ရှိနိုင်ကြောင်း ၎င်းတံတားကို နေ့စဉ်နေ့တိုင်းဖြတ်သန်းကာ အလုပ်လုပ်ရန်သွားနေရသည့် မပန်းနုစံက နိရဥ္စရာ သတင်းဌာသို့ ပြောသည်။
“သံပြားအပေါက်ဟာ ဆိုင်ကယ်တာယာ တစ်လုံးစာလောက်ရှိတယ်။ ခြေထောက်နဲ့သွားတယ်ဆိုရင် ကျွံကျမယ်။ လူပါ တစ်ခါတည်း ပေါင်တစ်ချောင်းလောက်ကို ကျွံကျမယ်။ အလယ်က သံပြားတွေလောက်ကိုပဲ ဂဟေဆော်ပြီးတော့ ဖာထေးပေးထားတယ်။ ဘေးက နှစ်ဖက်ကိုတော့ မဖာထေးပေးထားဘူး။ အဲဒီဘက်တွေဟာ ပါးနေ၊ ပေါက်နေတော့ သွားလို့မရတော့ဘူး။ တံတားပေါ်က ယာဉ်တွေအများကြီး တစ်ခါတည်းဖြတ်သွားလို့ လမ်းကျဉ်းရင် ကျွံကျသွားနိုင်တဲ့ အန္တရာယ်ရှိတာပေါ့” ဟု ပြောသည်။
အဆိုပါ တံတားတွင် လမ်းမီးမရှိသည်မှာလည်း ကြာပြီဖြစ်ကြောင်း၊ တံတားအခင်း သံပြားပေါက်နေ၍ မီးမရှိလျှင် ပိုပြီး အန္တရာယ်ရှိနိုင်ကြောင်း သူမက ဆက်ပြောသည်။
“သက်ဆိုင်ရာ လူကြီးတွေက ဒီတံတားကို လုပ်ပေးစေချင်တယ်။ ဘာပဲဖြစ်ဖြစ် တံတားအကောင်း တစ်ခုကို ဖြတ်သွားနေရတယ်ဆိုရင် ကိုယ်က စိုးရိမ်မှုတွေ မရှိတော့ဘူးလေ။ ကျွံကျသွားမှာတွေ၊ ဆိုင်ကယ်မှောက်သွားမှာတွေ မရှိတော့ဘူး။ လုပ်ပေးစေချင်တယ်၊ မီးတွေက အစ။ အခုက မီးမရှိတော့ ညဖက်တွေဆိုရင် တံတားပေါ်က ဖြတ်သွားရတာ စိုးရိမ်မှုတွေရှိတယ်။ သံပြားတွေပေါက်နေတော့ မီးမရှိရင် ပိုပြီးတော့ အန္တရာယ် ရှိတာပေါ့။ အဲဒီ တံတားပေါ်က မိန်းခလေးတွေ ဖြတ်သွားဖြတ်လာလည်း ရှိနေတယ်။ တံတားပေါ်မှာ မီးမရှိတာက အရမ်းကြာပါပြီ” ဟုပြောသည်။
၎င်းတံတား အနီးတွင်ရှိသည့် ရွာကြီးမြောက်ရပ်ကွက်မှ ဥက္ကဋ္ဌကလည်း တံတားပေါက်နေသည့် ကိစ္စကို စည်ပင်ထံ နှစ်ကြိမ်တိုင်တိုင် တင်ပြထားသော်လည်း တစ်စုံတစ်ရာ လာရောက်ပြုပြင်ပေးခြင်း မရှိသေးကြောင်းပြောသည်။
“ကျနော်တို့ကတော့ စည်ပင်နဲ့ အစည်းအဝေး လုပ်တုန်းက တင်ပြထားပါတယ်။ စည်ပင်နဲ့ အစည်းအဝေးလုပ်တုန်းက ဒီလို တံတားပေါက်နေပါတယ်၊ လမ်းတွေပေါက်နေပါတယ်၊ ရေမြောင်းတွေ ပိတ်နေပါတယ်ဆိုတာကို အားလုံးတင်ပြထားပါတယ်။ သူတို့ကတော့ အခုအချိန်ထိ ကွင်းဆင်းပြီးတော့ မလုပ်သေးဘူးမြင်ပါတယ်”ဟု ပြောသည်။
ကယ်ဆယ်ရေးတံတားအခင်း ပေါက်နေသည့် ကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့နယ် စည်ပင် အမှုဆောင်အရာရှိ ဒုတိယညွန်ကြားရေးမှူး ဒေါ်ခင်ခင်စိုးက “ဟုတ်ကဲ့။ ဥက္ကဋ္ဌတွေ တင်ပြထားတာကို ရပါတယ်။ ဘဏ္ဍာငွေကြောင့် အချိန်နည်းနည်း ပြုပြင်ဖို့ နောက်ကျနေတာပါ။ အဲဒီတံတားကို တနင်္လာနေ့မှာ ပြုပြင်ဖို့တော့ လုပ်နေပါတယ်။ စနေနေ့မှာတော့ အဲဒီတံတားပြုပြင်မယ့်အကြောင်းကို မြို့ပတ်ပြီးတော့ အသိပေးကြေငြာ သွားဖို့ရှိပါတယ်။ တံတားပြုပြင်နေတဲ့အချိန်မှာ နှစ်ဘီးယာဉ်နဲ့ လူလောက်ပဲ ဖြတ်သန်းခွင့်ပြုပါမယ်” ဟုပြောသည်။
၎င်းဆတ်ရိုးကျ ကယ်ဆယ်ရေးတံတားကို ၂၀၁၃ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅တွင် ပြီးစီးခဲ့ကာ ၆ နှစ်အကြာတွင် တံတားပျက်စီးစပြုလာခြင်း ဖြစ်သည်။

ဆက်စပ် သတင်းများ