အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ရခိုင်နှင့် ဧရာဝတီကိုဆက်သွယ်ထားသည့် ဂွချောင်းတံတားတည်ဆောက်မှု ၉ဝ ရာနှုန်းခန့်ပြီးစီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.8k

သဥ္ဇာနွယ်
နိရဥ္စရာ၊ စက်တင်ဘာ ၁ /၂၀၂၁
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးကိုဆက်သွယ်ထားသည့် ဂွချောင်းတံတားတည်ဆောက်မှုမှာ လက်ရှိတွင် ၉ဝ ရာနှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါတံတားတည်ဆောက်မှုမှာ ယခုနှစ်၊ သြဂုတ်လ ၃၁ ရက်အထိ ၈၇ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး လာမည့် ၂ဝ၂၂ ခုနှစ်၊ မတ်လအတွင်း တည်ဆောက်ပြီးစီးမည်ဖြစ်၍ ဖြတ်သန်းသွားလာနိုင်တော့မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၈)မှ ဒုတိယညွန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူရက နိရဥ္စရာသတင်းဌာနသို့ အတည်ပြုပြောသည်။
“ဂွချောင်းတံတားအနေနဲ့ ဒီနှစ် ဒီဇင်ဘာလကုန်လောက်မှာ ပြီးစီးနိုင်ပြီး ချဉ်းကပ်လမ်းအပါအဝင် စီမံကိန်းလုပ်ငန်းတစ်ခုလုံးကတော့ နောက်နှစ် မတ်လလောက်မှာပြီးမှာပါ။ ကိုဗစ်ကြောင့် အလုပ်သမားတွေ ဖျားတာ၊ နာတာတွေရှိခဲ့တဲ့အတွက် ကျနော်တို့တည်ဆောက်ရေးကာလမှာ အချိန်နှောင့်နှေးခဲ့တာမျိုးတော့ရှိတာပေါ့လေ။ ဒါပေမဲ့ အချိန်မီပြီးအောင်တော့ ကြိုးစားနေကြပါတယ်။”ဟု သူက ပြောသည်။
အဆိုပါတံတားကို ဂွမြို့နယ်ရှိ ဂွ-ကျောက်ချွန်လမ်းပေါ်မှတဆင့် ဧရာဝတီတိုင်းဒေသကြီးရှိ ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ မြောက်ဘက်ပိုင်းသို့ ဆက်သွယ်တည်ဆောက်နေခြင်းဖြစ်သည်။
တံတားမှာ သံကူကွန်ရစ်တံတားအမျိုးအစားဖြစ်ပြီး အရှည်ပေ ၁,၃၉၈ ပေနှင့် ၉ လက်မရှိသည်ဟု သိရသည်။
ဂွမြို့နယ် ဇီးကုန်းကျေးရွာဒေသခံ ဦးမောင်ငယ်က “ဒီတံတားပြီးသွားရင် ကျနော်တို့ ကမ်းခြေရဲ့အလှကိုရော၊ သဘာဝပတ်ဝန်းကျင်ကိုလည်း တစ်ချက်တည်း ခံစားရသလိုပဲ။ ကုန်စည်ဖြန့်ဖြူးမှုအပိုင်းမှာလည်း အလွယ်တကူ ကူးသန်းရောင်းဝယ်နိုင်သွားပြီ။ ဒီတံတားမရှိခင်တုန်းက လမ်းပန်းဆက်သွယ်ရေး ကြမ်းတာပေါ့။ ခြေကျင်သွားရတာကနေ နောက် ဆိုင်ကယ် ကားသေးလေးတွေနဲ့သွားရတယ်။ ခုတံတားဆောက်လိုက်တဲ့အတွက် ဂွကနေ ဧရာဝတီကို ကားနဲ့ မိနစ် ၃ဝ လောက်ပဲ ကြာတော့မယ်။ ဧရာဝတီတိုင်းမကပဲ မြန်မာတစ်နိုင်ငံလုံးကို ပတ်လို့ရတဲ့သဘောမျိုးဖြစ်ပြီပေါ့။”ဟု နိရဥ္စရာကိုပြောသည်။
အဆိုပါတံတားကို ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်နေ့တွင် လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျပ်သန်းပေါင်း ၈,၉၈ဝ (လမ်း+တံတား) အကုန်အကျခံတည်ဆောက်နေခြင်းလည်းဖြစ်သည်။

ဆက်စပ် သတင်းများ