ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်ရိုးရာလုံချည်ထုတ်လုပ်သည့်ဝါဘိုရွာ၏ ချောင်းကူတံတားကို ကျပ် ၈၈ သန်းကျော်အကုန်ကျခံတည်ဆောက်ပြီးမှ ဆက်မလုပ်ဘဲရပ်တန့်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.6k

သန္တာကျော်ဇော
နိရဥ္စရာ၊ စက်တင်ဘာ ၂၁/ ၂၀၂၁
ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူတည်ဆောက်နေသည့် စစ်တွေမြို့နယ် စစ်တွေ-ဝါဘို ချောင်းကူး တံတားကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က ကျပ် ၈၈ ဒဿမ ၈၇၅ သန်းဖြင့် စတင်တည်ဆောက်ခဲ့သော်လည်း တံတားတိုင် ၈ လုံးပြီးစီပြီးနောက် ဆက်မလုပ်ဘဲ ရပ်တန့်နေကြောင်း သတင်းရရှိသည်။
တင်ဒါအောင်မြင်သော သိန်းသန်းပြည့်လျှံဖြိုးကုမ္ပဏီက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ကျပ်ငွေ သန်း (၈၈.၈၇၅) သန်းဖြင့် ကွန်ကရစ်တိုင် ၈ တိုင်ကို တည်ဆောက်ခဲ့ကြောင်း၊ သူတို့၏ လုပ်ငန်းမှာ ယင်းနှစ်ကတည်းပင် ပြီးစီးခဲ့ပြီဖြစ်ပြီ ဖြစ်သဖြင့် လက်ရှိအချိန်တွင် လမ်းတံတား ဦးစီးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်နေကြောင်း သိန်းသန်းပြည့်လျှံဖြိုးကုမ္ပဏီက တံတားတာဝန်ခံ အင်ဂျင်နီယာအဖြစ် ဆောင်ရွက်ခဲ့သူ ဦးစိုးဝင်းနိုင် နိရဥ္စရာသို့ ပြောခဲ့သည်။
အဆိုပါ တံတားမှာ အရှည်ပေ ၄၅၀ ခန့် အရှည်ရှိပြီး ၂၀၁၉ ခုနှစ်ကတည်းက ဆက်မလုပ်ဘဲ ရပ်တန့်နေသည်ဟု သိရသည်။
စစ်တွေမှ ဝါဘိုသို့ ကုန်လမ်းအတိုင်း ကား၊ ဆိုင်ကယ်များဖြင့် သွားမည်ဆိုလျှင် တောကန်ကျေးရွာသို့ ပထမသွားရပြီး တောကန်ရွာမှ ဝါဘိုချောင်းကို လှေဖြင့် ဖြတ်ပြီးမှ ဝါဘိုသို့ ရောက်ရှိသဖြင့် သွားလာရေး ခက်ခဲ၍ ပြည်သူများ သွားလာရေး လွယ်ကူစေရန် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူပြီး ၎င်းတံတားကို တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့နယ်မှ ဝါဘိုကျေးရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိသော ကျေးရွာကြီး တစ်ရွာဖြစ်ပြီး လက်ရာမြောက်သော ရခိုင်ရိုးရာ လုံချည်များကို အကြီးအကျယ် ရက်လုပ်မှုကြောင့် နာမည်ကြီးကျေးရွာ တစ်ခုလည်း ဖြစ်သည်။
ထိုတံတားသာပြီးစီးခဲ့လျှင် ၀ါဘိုအနီးအနားရှိရွာများဖြစ်ကြသော သိန်းတန်၊ ရာတန်၊ တောကန် နှင့် ကြိမ်တောရှိ လူဦးရေ ၈ထောင်ကျော်မှာလည်း ခရီးသွားလာရေး အဆင်ပြေ ချောမွေ့မှုနှင့် အတူ စီးပွားရေး အဆင်ပြေ လာနိုင်သဖြင့် ဒေသခံပြည်သူများက အဆိုပါ တံတားပြီးစီးရေးကို အထူး လိုလားနေကြသည်ဟု ဝါဘိုကျေးရွာသားတစ်ဦးဖြစ်သူ ဦးထွန်းလှက ပြောသည်။
“ဒီတံတားမပြီးသေးတဲ့အတွက်လည်း စိတ်ပျက်မိတယ်ပေါ့လေ။ တံတား မရှိတဲ့အတွက် အခု ရေကြောင်းကနေ စက်လှေတွေ၊ လှေတွေနဲ့ သွားနေရတော့ အလွန်အခက်အခဲရှိတယ်။ မိုးရာသီဆိုရင်ပိုဆိုးတယ်။ ဒီတံတားတစ်ခု ပြီးမြောက်စေချင်တယ်။ ၀ါဘိုရွာမှာ တိုက်နယ်ဆေးရုံနဲ့ အထက်တန်းကျောင်းရှိတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် ဒီတံတားကို အမြန်ပြီးအောင် လုပ်ပေးစေချင်တယ်။ အနီးအနားရွာက လူတွေလည်း ဝါဘိုကို လာတဲ့အခါ တံတားမရှိတော့ ချောင်းကို လှေနဲ့ ဖြတ်တော့ အခက်အခဲတွေဖြစ်ရတယ်” ဟုသူကပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ တံတားကို ကျေးလက်ဒေသဖွံဖြိုးရေးဌာနမှ တာဝန်ယူဆောင်ရွက်နေသည်ဟု သိရသဖြင့် ကျေးလက်လမ်းဦးစီးဌာနသို့ ဖုန်းဖြင့် ဆက်သွယ်ရာ အဆက်အသွယ် မရရှိခဲ့ပါ။

ဆက်စပ် သတင်းများ