ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ်မှ ရွာ ၆ ရွာ အားထားနေရသည့် တိမ်ညို-တောင်မြင့်လမ်းပျက်စီးနေ၍ ဒေသခံများသွားလာရအခက်ကြုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 610

နှင်းနွယ်နီ
နိရဥ္စရာ၊ အောက်တိုဘာ ၂/၂၀၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ ရွာ ၆ ရွာအားထားနေရသည့် တိမ်ညို-တောင်မြင့်လမ်း ပျက်စီးနေသည့်အတွက် ဒေသခံများ သွားလာရ အခက်အခဲကြုံနေရကြောင်း သိရသည်။
လမ်းပျက်စီးနေ၍ ကျန်းမာရေးကိစ္စကြောင့် ကားတွင်လူနာကိုတင်၍ ဆေးရုံသို့သွားမည်ဆိုလျှင် အခက်အခဲရှိသလို ဒီရေတက်ချိန်တွင်လည်း လမ်းရေမြုပ်သည့်အတွက် ကုန်ပစ္စည်းစျေးနှုန်းများ အခြားဒေသများထက် စျေးပိုမြင့်နေကြောင်း ရွှေကျင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူ ဦးကျော်တင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“ကားနဲ့သွားရင် ကျောက်တွေပျက်နေတော့ ဗွက်အိုင်တွေခံနေတယ်လေ။ လမ်းကနိမ့်နေတော့ ရေပြည့်နေရင် လုံးဝသွားလို့မရတော့ဘူး။ ဒီရေတက်သရွေ့ အဲဒီလမ်း မြုပ်သွားပါတယ်။ လမ်းမကောင်းတော့ ကားကို လူတွေက တွန်းပြီးယူရတာတွေရှိပါတယ်။ လူနာတွေကို အဲဒီလမ်းကိုယူသွားလို့မရဘူး။ ကားက လိမ့်တယ်။ လူနာကို ထမ်းသယ်ပြီး ယူသွားရတာတွေရှိပါတယ်။ ကုန်စည်စီးဆင်းမှုကလည်း လမ်းပျက်နေတော့ သယ်ယူပို့လို့မရပါ။ စျေးနှုန်းတွေကအစ ကျနော်တို့ကျေးရွာက တခြားနေရာဒေသတွေထက် မြင့်တက်သွားတာတွေရှိပါတယ်။”ဟု ပြောသည်။
အဆိုပါလမ်းကို မြောက်ဦးမြို့နယ်မှ တိမ်ညိုစံပြကျေးရွာ၊ သပြေကန်ကျေးရွာ၊ ရွှေကျင်ပြင်ကျေးရွာအုပ်စု၊ ခွဆုံကျေးရွာ၊ ဥက္ကံကျေးရွာနှင့် တောင်မြင့်ကျေးရွာစသည့် ကျေးရွာ ၆ ရွာက အားထားအသုံးပြုနေရခြင်းဖြစ်၍ အမြန်ဆုံးပြုပြင်ပေးစေလိုသည်ဟုလည်း ဒေသခံများက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ မြောက်ဦးမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းအားဆက်သွယ်ရာ အဆိုပါလမ်းကို ပြီးခဲ့သည့်အပတ်မှစတင်ကာ ပြန်လည်ပြင်ဆင်နေပြီဟု နိရဥ္စရာကိုပြောသည်။
“အဲဒီလမ်းက မြေလမ်းဆိုတော့ တောင်မြေနဲ့ပဲ လောလောဆယ်လေ ပြင်တာ။ ကျောက်လမ်းတွေတော့ ကျောက်လမ်းတွေလိုက်ဖို့ပြီးတော့ မိုးမကျခင်ပြင်ထားတာရှိပါတယ်။ ရေကျော်တဲ့လမ်းတွေ ရေမကျော်အောင်တော့ ရေဖောက်ထုတ်ဘာညာတွေလည်း အစီစဉ်တော့လုပ်နေတာပေါ့။” ဟုပြောသည်။
အဆိုပါလမ်းမှာ တိမ်ညိုကျေးရွာမှ ရွှေကျင်ပြင်ကျေးရွာအထိ ကျောက်ခင်းလမ်းဖြစ်ပြီး ကျန်အပိုင်းသည် မြေသားလမ်းဖြစ်သည်ဟု သိရသည်။
မြောက်ဦးမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းက ရွှေကျင်ပြင်ရွာဘက်ရှိ ဓနိတောအနီး ရေမြုပ်သည့်လမ်းပိုင်းကိုလည်း ကျောက်စီနံရံများလုပ်ရန် နတလဌာနက ဘတ်ဂျက်တင်ထားသည်ဟုသိရကြောင်း ပြောသည်။
“နတလကလည်း ကျောက်စီနံရံလုပ်မယ်ဆိုပြီးတော့ ဘတ်ဂျက်တင်ထားတာတော့တွေ့တယ်။ ကျောက်စီနံရံလုပ်ပြီးတော မြေဖို့ဘာညာပေါ့။ တံတားလည်း နတလက ဆောက်တာ။ ကျနော်တို့ကတော ကျောက်လမ်းပိုင်းတွေ၊ ဗွက်ထတဲ့အပိုင်းတွေကို ပြင်ပေးပါတယ်။” ဟု ပြောသည်။
ယခုပျက်စီးနေသည့်လမ်းကို တိမ်ညိုရွာဘက်မှ ကွန်ကရစ်လမ်းခင်းနိုင်ရန် မီနီဘတ်ဂျက်တွင် လျာထားရန် စီစဉ်ထားသည်ဟုလည်း ဆိုသည်။
ယခုလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် ၎င်းလမ်းတစ်လျှောက် ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်မှတ်ထိုးကာ ခရိုင်လမ်းတံတားဦးစီးဌာန၊ မြောက်ဦးမြို့ စီမံခန့်ခွဲမှုကော်မတီနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့ထံ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာကလက တောင်းဆိုထားခဲ့ကြသည်ဟု သိရသည်။


ဆက်စပ် သတင်းများ