သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်မှ ကြိုးတံတားတစ်စင်းအပါအဝင်တံတားနှစ်စင်းတို့အန္တရာယ်ရှိနေ၍ အမြန်ပြုပြင်ရန်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.6k

အေးမြတ်ခိုင်

နိရဥ္စရာ၊ အောက်တိုဘာလ ၃၀/၂၀၂၁

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ဒေသခံပြည်သူများ နေ့စဉ် အဓိကအားထားသွားလာနေရသည့် ကြိုးတံတားတစ်စင်းနှင့် ကျေးရွာများနှင့် မင်းပြားအကြားဆက်သွယ်ထားသည့် မြေသားလမ်းပေါ်ရှိ ကွန်ကရစ်တံတားငယ် တစ်စင်းတို့မှာ ပျက်စီးပြီးအန္တရာယ်ရှိနေ၍ မြန်ပြုပြင်ရန် လိုအပ်နေကြောင်း သတင်းရရှိသည်။

ကုတိုးဆိပ်ကျေးရွာနှင့် ကျိန်း/ထောင့်ချေကျေးရွာကို ဆက်သွယ်ထားသည့် ကြိုးတံတားပေါ်ရှိ  သံပြား ကြမ်းခင်းမှာ ဟောင်းနွမ်းပြီး အပေါက်ကျယ်ကြီး အများအပြားဖြစ်နေသဖြင့် ကျောင်းသူ/ ကျောင်းသား များ ဖြတ်သန်းသွားလာရာတွင် အန္တရာယ် ဖြစ်ပေါ်နိုင်သည်ဟု ကုတိုးဆိပ်ကျေးရွာ ဥက္ကဋ္ဌ  ဦးမောင်အေးသာက နိရဥ္စရာကိုပြောသည်။

" ရွာမှာ ရန်ပုံငွေရှိပေမယ့် ဒီကြိုးတံတားကို ပြီးမြောက်အောင် ပြန်ပြုပြင်နိုင်မယ့်အနေအထားမရှိဘူး။ ဒီကြိုးတံတားကိုဖြတ်ပြီး ကျိန်းထောင့်ချေရွာက အလယ်တန်းကျောင်းကို ပတ်ဝန်းကျင်ကရွာက ကလေးတွေ နေ့စဉ် ကျောင်းသွားတက်ကြရတော့ တစ်နေ့မဟုတ် တစ်နေ့ အန္တရာယ် ဖြစ်နိုင်တယ်။ ဒီကြိုးတံတားကို မြန်ဆုံး ပြန်ပြီးပြုပြင်ပေးစေချင်ပါတယ်"ဟုပြောသည်။

အနီးအနားရှိ နားပဲ့ချောင်း၊ ခါသာ၊ ကုတိုးဆိပ် ကျေးရွာ သုံးရွာမှ ကျောင်းသားများမှာ ၎င်းကြိုးတံတားကိုဖြတ်ပြီး ကျိန်း/ထောင့်ချေကျေးရွာအလယ်တန်းကျောင်းသို့ နေ့စဉ် ကျောင်းသွားတက်ကြရသဖြင့် တံတားမကောင်း၍ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေရသည်ဟု ကျောင်းသားမိဘများက ပြောဆိုသည်။

၎င်းတံတားကို ၂၀၁၀ခုနှစ်က ဆွီဇာလန်နိုင်ငံမှ မာစတာ တိုနီဦးဆောင်ပြီး ဆောက်လုပ်လှူဒါန်းခဲ့သည့် တံတားဖြစ်ပြီး  အလျားပေ ၁၈၀ကျော်၊ အနံ ၄ပေခွဲရှိသော ရွာချင်းဆက်ကြိုးတံတားဖြစ်သည်။

၎င်းကြိုးတံတားမှာ ကုတိုးဆိပ်ကျေးရွာနှင့် ကျိန်း/ထောင့်ချေကျေးရွာကို ဆက်သွယ်ထားသည့် ကြိုးတံတားဖြစ်သော်လည်း ၎င်းကျေးရွာနှစ်ရွာအပြင်  နားပဲ့ချောင်း၊ ဝင့်ဇား၊ ခါသာ င/ပုကွ စသည့် ပတ်ဝန်းကျင် ကျေးရွာ ၁၀ ရွာလောက်က နေ့စဥ် အသုံးပြု သွားလာနေရသော တံတားတစ်စင်း ဖြစ်ကြောင်း သိရသည်။

၎င်းပြင် ကုတိုးဆိပ်ကျေးရွာနှင့် နားပဲ့ချောင်းကျေးရွာ အကြားရှိ မင်းပြားမြို့သို့ ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ ကွန်ကရစ် တံတားငယ် တစ်စင်းမှာလည်း ပျက်စီးနေသဖြင့် ခရီးသွားလာရာတွင် အခက်အခဲ ဖြစ်နေကြရသည်ဟု ဆိုသည်။

ဒေသခံ တစ်ဦးဖြစ်သူ နားပဲ့ချောင်းကျေးရွာမှ ကိုဝင်းမြင့်က " ဒီတံတားပျက်စီးနေလို့ ကုန်းလမ်းခရီး ဆိုင်ကယ်တွေဘာတွေနဲ့ သွားရတာအဆင်မပြေဘူး။ အဲ့ဒီတံတားကောင်းရင် မင်းပြားကို ဆိုင်ကယ်နဲ့ ၁၅မိနစ်ပဲကြာပါတယ်။ အခု စက်လှေနဲ့ ၂ နာရီနီးပါးလောက် သွားရတယ်။ ဒီရေကျချိန်ဆိုရင်သွားလို့မရသေးဘူး။ ကျန်းမာရေးတစ်ခုခု နေမကောင်းဖြစ်ရင် စက်လှေနဲ့ပဲသွားရတော့ အချိန်ကြာမြင့်ပါတယ်"ဟု ပြောသည်။

မင်းပြားမြို့သို့ နေ့စဥ်ဟင်းသီးဟင်းရွက်၊ အသား၊ ငါး သွားလာရောင်းချသူများနှင့် ကျန်းမာရေး လိုအပ်ချက် အရ သွားလာကြရာတွင်လည်း အဆိုပါ တံတားပျက်စီးနေသဖြင့် အခက်အခဲ ကြုံနေကြရပြီး ခရီး နှောင့်နှေးကြန့်ကြာမှုများရှိနေသည်ဟု ဆိုသည်။

အဆိုပါတံတားမှာ  ဝင့်ဇားအုပ်စု၊ င/ရမကျေးရွာက အလှူရှင် ဦးချောင်းသာအောင်မှ လွန်ခဲ့သည့် ၁၀ နှစ်လောက်က ပုဂ္ဂလိကလှူဒါန်းထားသောတံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ