ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရသေ့တောင်- ဘူးသီးတောင်-မောင်တော-စစ်တွေ မြို့နယ် ၄ ခုအကြား ဆက်သွယ်ထားသည့် ကျောက်ပန္ဒူ- စေတီပြင်ကားလမ်း ဆိုးဝါးစွာပျက်စီးနေ၍ ခရီးသွားလာရေး အခက်ကြုံနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.8k

ထက်အောင်

နိရဥ္စရာ၊ နိုဝင်ဘာ ၁၂/ ၂၀၂၁

ရသေ့တောင်မြို့နယ်အနောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ မောင်တောမြို့နယ်တောင်ပိုင်းနှင့်ရခိုင်ပြည်နယ် မြို့တော် စစ်တွေတို့ အကြား ဆက်သွယ်ထားသည့်  ကျောက်ပန္ဒူ- စေတီပြင် မေယု တောင်ကြားလမ်းမှာ ဆိုးဆိုးဝါးဝါး ပျက်စီးနေသဖြင့် ဒေသခံများ အနေဖြင့် ခရီးသွာရာတွင် အထူး အခက်အခဲ ဖြစ်နေကြရသည်ဟု သတင်းရရှိသည်။

ရသေ့တောင်မြို့နယ် မယူကမ်းဒေသခံ ဦးကျော်သန်းက  အဲဒီ မယူတောင် တောင်ကြားလမ်းက ဒေသတစ်ခုလုံး အတွက် အရေးကြီးတယ်။ ဒီလမ်းကို သုံးပြီး ဘူးသီးတောင်မြို့နယ် တောင်ပိုင်းက လူတွေ၊ ရသေ့တောင်မြို့နယ် အနောက်ဘက် မေယုကမ်းတစ်ခုလုံးက လူတွေရော အသုံးပြု သွားလာနေတဲ့ လမ်းပါ။ ဒီတောင်ကျော်လမ်းက ကားနဲ့ မိနစ် ၃၀ ဖြတ်သွားရင် မောင်တော- အငူမော် ကွန်ကရစ် လမ်းကို ရောက်ပါတယ်။ အဲဒီလမ်းကနေ အငူမော်၊ အငူမော်ကနေ စစ်တွေကို သွားရင် တစ်နာရီကျော်ကျော် လောက်ဘဲ ကြာတယ်။ စစ်တွေကို အချိန်တိုအတွင်း ရောက်တဲ့ လမ်းပါ။ အခု ကားတွေ သွားလာလို့ မရဖြစ်နေတော့ ဒေသခံတွေ တော်တော် အခက်အခဲဖြစ်နေကြပါတယ်ဟု ပြောကြားသည်။

၎င်းတောင်ကျော်လမ်းမှာ မောင်တောမြို့နယ် ကျောက်ပန္ဒူနှင့် ရသေ့တောင်မြို့နယ်  စေတီပြင် ရွာအကြား လွန်ခဲ့သည့် NLD အစိုးရလက်ထက်  ၂၀၁၇-၂ဝ၁  ခုနှစ်က  ဂျပန်နိုင်ငံ JICA အကူအညီဖြင့် လမ်းအထူးအဖွဲ့ (၁၇) က တာဝန်ယူ ဖောက်လုပ်သော လမ်းဖြစ်သည်။

ထိုသို့ ဖောက်လုပ်ရာတွင် လမ်းပိုင်းအများအပြားကို ကွန်ကရစ်ခင်းခြင်း၊ တံတားများ တည်ဆောက်ခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက် လုပ်ကိုင်ခဲ့ကြသော်လည်း လမ်းပိုင်းအများအပြားမှာ ပြီးစီးမှု မရှိဘဲ ရပ်တန့်နေကြောင်း သိရသည်။

လမ်းအထူးအဖွဲ့ (၁၇) မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှရွှေက တောင်အောက်ပိုင်းတွေကတော့ ကောင်းသွားမှာပေါ့။ တောင်ပေါ်ပိုင်းကတော့ (၂) မိုင်ခွဲလောက်ကို လုပ်ဖို့အတွက် ရန်ပုံငွေများများ ိုတယ်။ အဲဒါက မလုပ်နိုင်သေးဘူး။ မြေပြိုတဲ့အပိုင်းတွေကို မြေပြန်ဖြည့်ပြီး ထိန်းသိမ်းရေး အပိုင်းလောက်ပဲ လုပ်နိုင်မယ်။ ဒီလကုန်လောက်ဆိုရင်တော့ လုပ်လို့ရပါပြီဟု ပြောသည်။

ထို မေယုတောင်ကြားလမ်းတွင်  တောင်အတက်နှင့်အဆင်း၌ ကွန်ကရစ်ခင်းထားပြီး ကျန်အပိုင်း များတွင် ကျောက်များခင်းထားခြင်းဖြစ်သဖြင့်  လက်ရှိတွင် ကျောက်ခင်းလမ်း၌ ကားများ၊ ဆိုင်ကယ်များ သွားလာ၍မရအောင်အထိ ပျက်စီးနေသည်ဟု ဒေသခံများက ပြောသည်။

ထိုတောင်ကျော်လမ်းကိုသာ ကောင်းမွန်အောင် ပြန်လည်ဖောက်လုပ်နိုင်ပါက ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသနှင့် မောင်တောမြို့နယ်တို့မှ ဒေသခံလက်လုပ်လက်စားတို့အဖို့ များစွာ အကျိုးရှိစေမည် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

မောင်တောမြို့နယ် အင်းဒင်ရွာမှ ဒေသခံတစ်ဦးက အဓိကတော့ စေတီပြင်ကျော်လမ်းဟာ မယူကမ်း ဒေသက ရွာသူ၊ ရွာသားတွေလည်း အဲလမ်းကို မှီခိုပြီး ဒီဘက်မှာ လာလုပ်စားရတာ။ မနက်စောစော ဆိုရင် ဆိုင်ကယ်တွေ၊ ကားကြုံတွေနဲ့ မောင်တောမြို့နယ် တောင်ပိုင်း ပင်လယ်ကို ငါးရှာဖို့ရောက်လာတယ်။ ပြီးတော့ ဟိုဖက်မှာ ပြန်ရောင်းကြတယ်။ အဲလမ်းလေးက မကောင်းဘူးဆိုတော့ သွားလာလုပ်လို့ မရဘူး။  ခုလို ဖြစ်တော့ သူတို့မှာ စားဝတ်နေရေးခက်ခဲနေကြရတယ်ဟု ဆိုသည်။

 ကျောက်ပန္ဒူ- စေတီပြင် တောင်ကြားလမ်းသည် မောင်တောမြို့နယ် ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်ရှိ  ဒေသခံပြည်သူ ထောင်ပေါင်းများစွာ အသုံးပြုသောလမ်းဖြစ်သဖြင့်  ခရီးသွားလာရေ လွယ်ကူ လျင်မြန်စေရန်အတွက် အမြန်ဆုံး လမ်းကို ပြုပေးစေလိုသည်ဟု မောင်တောမြို့နယ်၊ အင်းဒင်ရွာကျေးရွာမှ ကိုထွန်းမြင့်ဦးက  ပြောသည်။

 အစိုးရအနေနဲ့ အခြေခံလူတန်းစားတွေရဲ့ လိုအပ်မှုကို လုပ်ပေးစေချင်တယ် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို လိုချင်တယ်ဆိုရင် ဒေသခံပြည်သူတွေ မရှိမဖြစ် အသုံးပြုနေရတဲ့ လမ်းတွေကို အစိုးရက ဖောက်လုပ်ပေးဖို့ လိုအပ်ပါတယ် ဟု ပြောသည်။

အဆိုပါလမ်းသည် မောင်တောမြို့နယ် ကျောက်ပန္ဒူမှ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအထိ အရှည်မိုင် အရှည် (၁၀)မိုင်နှင့် (၇)ဖာလုံ ရှိပြီး မေယုတောင်ခြေရင်းမှာ စေတီပြင်ကျေးရွာ မရောက်ခင် တစ်မိုင်ကျော်ခန့်ထိ ကွန်ကရစ် ခင်းထားပြီဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တစ်ဆင့်  သိရသည်။

 ဓာတ်ပုံ - ကျောက်ပန္ဒူ-အင်းဒင်-စေတီပြင်ကားလမ်းရှိ မေယုတောင်ကြားလမ်းပျက်စီးနေမှုအား နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ်။

ဆက်စပ် သတင်းများ