သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အမ်းချောင်းတွင် ကျေးရွာ ၁ဝ ရွာခန့်အသုံးပြုနေရသည့် တံတား ကိုယ်ထူကိုယ်ထ ပြန်လည်တည်ဆောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.3k

နှင်းနွယ်နီ
နိရဥ္စရာ၊ နိုဝင်ဘာ ၂၃/၂၀၂၁
ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ အမ်းချောင်းတွင် ကျေးရွာ ၁ဝ ရွာခန့်အသုံးပြုနေရသည့်တံတားတစ်စင်းကို ကိုယ်ထူကိုယ်ထ ပြန်လည်တည်ဆောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါတံတားကို ကမ်းဒိတ်ကျေးရွာမှ အမ်းမြို့ပေါ် ၃ ရပ်ကွက်သို့ ဆက်သွယ် သွယ်တန်းထားခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၉ ရက် နံနက်ပိုင်းမှစ၍ ညနေပိုင်းအထိ ကမ်းဒိတ်ကျေးရွာသားများက တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်ဟု တံတားဆောက်လုပ်ရာတွင်ပါဝင်သူ ကိုတင်ဇော်လွင်က ပြောသည်။
“ဆောက်လုပ်ရတဲ့ရည်ရွယ်ချက်က မြို့ပေါ်ကို သွားရေးလာရေး လွယ်ကူအောင်ပေ့ါ။ ကျန်းမာရေး၊ ပညာရေးပေါ့။ အဲလိုမျိုး။ နွေရာသီဆို ချောင်းငယ်သွားတော့ ကူးတို့ချတဲ့သူတွေလည်း မချတော့ဘူးလေ။ တံတားထိုးလိုက်တော့ ပိုပြီးတော့ အဆင်ပြေသွားတာပေါ့” ဟုပြောသည်။
ယခုကဲ့သို့ တံတားတည်ဆောက်လိုက်ခြင်းကြောင့် ကမ်းဒိတ်ရွာမှထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကို မြို့ပေါ်ရပ်ကွက်များသို့သွားရောက်ရောင်းချရာတွင် လွယ်ကူသွားခဲ့သလို ကျန်းမာရေးအတွက် မြို့ပေါ်သို့သွားရောက်ရာတွင်လည်း အဆင်ပြေသွားပြီဟု ပြောကြသည်။
အဆိုပါတံတားအတွက် လိုအပ်သည့်သစ်များကို လှူဒါန်းသူများရှိခဲ့သလို ကမ်းဒိတ်ရွာမှ တစ်အိမ်လျှင် တိုင်တစ်လုံးကျစီလည်း ပါဝင်တည်ဆောက်ခဲ့ကြသည်ဟု သိရသည်။
တံတားအတွက် သံအခင်းကိုမူ ဦးသောင်းဝင်းနှင့် ဒေါ်ခင်ယုယုချိုမိသားစုက လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါတံတားကို နှစ်စဉ် ချောင်းရေခမ်းသည့် တန်ဆောင်မုန်းလတွင် တည်ဆောက်ပြီး မိုးရာသီတွင် ချောင်းရေကြီး၍ တံတားကို ပြန်ဖျက်ကြရသည်ဟု ဒေသခံများက ပြောသည်။
မိုးရာသီတွင် တံတားဖျက်လိုက်ရသည့်အတွက် မြို့ပေါ်သို့ ကျောင်းသွားတက်ရသည့်ကျောင်းသူ၊ ကျောင်းသားများတွင် အခက်အခဲရှိပြီး ကျန်းမာရေးနှင့်ပတ်သက်လျှင်လည်း အခက်အခဲရှိသည့်အတွက် တံတားကို အခိုင်အမာဖြစ်စေချင်ကြောင်း ကိုတင်ဇော်လွင်က ဆက်ပြောသည်။
“ရန်ကုန်တို့မှာလို သံလျင်တံတားတို့လို အမာခံထိုးပေးမှ အဆင်ပြေပါမယ်။ ကျနော်တို့က ဘယ်လိုစပြီးတော့ ဘယ်ဌာနကိုလျှောက်တင်ရမယ်ဆိုတာ နားမလည်တဲ့အနေအထားတွေရှိသေးလို့။ တကယ်လို့သာ တံတားလေးတစ်ခု ရှိလိုက်မယ်ဆိုလို့ရှိရင် ရွာကလည်း တော်တော်လေးကို စည်ပင်သွားပါမယ်။ နောက်ပြီးတော့ လူနေမှုအဆင့်အတန်းတွေလည်း မြင့်သွားပါမယ်” ဟုပြောသည်။
တံတားကို တာဝန်ယူတည်ဆောက်ခဲ့သည့်ကမ်းဒိတ်ကျေးရွာတွင် အိမ်ခြေ ၈၅ လုံးနှင့် လူဦးရေ ၃၈၈ ဦးရှိကြောင်း သိရသည်။
အဆိုပါတံတားကို ကမ်းဒိတ်ကျေးရွာသားများအပြင် ၎င်းအနီးအနားမှ ကျေးရွာ ၈ ရွာမှလည်း အသုံးပြုကြကြောင်း သိရသည်။
photo - Ashin Seindarmaya

ဆက်စပ် သတင်းများ