ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မင်းပြားမြို့ စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်ရှိ ရာမောင်တံတားသစ်အား ယနေ့ ဖွင့်လှစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.9k

ထက်အောင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၅/ ၂၀၂၂
ရခိုင်ပြည်နယ် မင်းပြားမြို့ရှိ စစ်တွေ- ရန်ကုန်ကားလမ်းမပေါ်တွင် အသစ်တည်ဆောက်ထားသော ရာမောင်တံတားသစ်ကို ယနေ့တွင် ဖွင့်လှစ်လိုက်ပြီဟု သိရသည်။
အဆိုပါတံတားသစ်ဖွင့်ပွဲကို ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲသို့ နစကကောင်စီဝင်များဖြစ်ကြသော ဒေါ်အေးနုစိန်၊ မန်းငြိမ်းမောင်၊ ဦးမောင်းဟာ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တံတားဖွင့်ပွဲသို့ သွားခဲ့သည့် သည်ကန်လူငယ်များအစည်းအရုံးမှ ကိုလင်းဇော်က “ပထမဆုံးဆောက်လုပ်တဲ့ ကြိုးတံတားဆိုရင်လည်း မခိုင်မခံ့ဖြစ်လို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပါတယ်။ ဇက်သင်္ဘောနဲ့ ကူးရတဲ့အခါလည်း အချိန်ကြန့်ကြာမှုတွေရှိခဲ့တယ်။ စစ်တွေ-ရန်ကုန်ကားလမ်းမှာ အချက်အချာကျတဲ့ တံတားတစ်ခုဖြစ်တဲ့အတွက် ဖွင့်လှစ်တဲ့အပေါ် ဝမ်းသာပါတယ်” ဟု ပြောသည်။
အဆိုပါရာမောင်တံတားသစ်မှာ အရှည်ပေ ၁,၃ဝဝ ခန့်နှင့် အကျယ် ၂၈ ပေရှိသည်ဟု သိရသည်။
ကျပ်သန်းပေါင်း ၁၂,ဝ၀၀ ခန့်အကုန်ကျခံကာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် မေလအတွင်း ပြီးစီးခဲ့သည်ဟု သိရသည်။
ယင်းနောက် ပြီးခဲ့သည့်နှစ်၊ ဇွန်လမှစတင်ကာ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီး ယနေ့တွင် တံတားဖွင့်လှစ်ပွဲကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မင်းပြားမြို့ရှိ စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်တွင် ယခင်ကရှိခဲ့သော ရာမောင်ကြိုးတံတားသည် ဟောင်းနွမ်းပျက်စီးလာနေပြီဖြစ်သည့်အတွက် ယခုတံတားသစ်ကို တည်ဆောက်ခဲ့ရခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ