ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်ရိုးရာလက်ရက်ထည်များ အဓိကထုတ်လုပ်ရာဝါဘိုသို့ ဆက်သွယ်မည့် ချောင်းကူးတံတား ကျပ်သန်းပေါင်း ၂,၅ဝဝ ဖြင့် ပြန်တည်ဆောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 5k

မြထွီးသျှင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၅/ ၂ဝ၂၂
ရခိုင်ရိုးရာ လက်ရက်ထည်များ အဓိကထုတ်လုပ်ရာဝါဘိုကျေးရွာအပါအဝင် ဒေသအတွင်းမှ ကျေးရွာများနှင့် စစ်တွေမြို့အကြား ဆက်သွယ်သွားလာနိုင်မည့် ဝါဘိုချောင်းကူးတံတားကို ကျပ်သန်းပေါင်း ၂,၅ဝဝ ဖြင့် ပြန်တည်ဆောက် နေပြီဟု သတင်းရရှိသည်။
အဆိုပါတံတားကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သိန်းသန်းပြည့်လျှံဖြိုး ကုမ္ပဏီက စတင်တည်ဆောက်ခဲ့ပြီး ဘဏ္ဍာငွေ အလုံအလောက်မရသဖြင့် ချောင်းထဲတွင် ကွန်ကရစ်တိုင် ၄ တိုင်ကို စိုက်ထူပြီးနောက် ရပ်နားခဲ့ရသည်။
၎င်းနောက်တွင် အဆိုပါ တံတားနှင့် ပတ်သက်ပြီး ပြောဆိုဝေဖန်များ ရှိလာသဖြင့် လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တံထားအထူးအဖွဲ့(၇)က တာဝန်ပြန်ယူကာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်က စတင်ကာ တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။
ယခင်တည်ဆောက်ရာတွင် ယခင်စိုက်ထားခဲ့သည့် ကွန်ကရစ်တိုင် ၄ တိုင်ကို ပြန်လည်နုတ်ပစ်ပြီး အသစ်တည်ဆောက်နေခြင်းဖြစ်သည်ဟုလည်း တောကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က နိရဥ္စရာသို့ ပြောသည်။
“သူတို့တွင်းတူးခဲ့တဲ့တိုင်အနက်အောက်မှာ ရွှံ့ရှိတယ်ဆိုပြီး မပြီးမြောက်ခဲ့လို့ အခု အဲဒီတိုင်တွေကို ပြန်နုတ်ပြီးတော့ အခုပြန်လို့လုပ်နေရတယ်”ဟု ပြောသည်။
အဆိုပါစစ်တွေ-၀ါဘိုချောင်းကူးတံတားမှာ အရှည်ပေ ၄၈ဝ၊ အကျယ်ပေ ၂ဝ၊ ယာဉ်သွားလမ်းအကျယ် ၁၈ ပေ၊ တံတားအောက် ကင်းလွတ်နယ်မြေ အမြင့် ၅ ပေ ၁၁ လက်မရှိပြီး စီမံကိန်းကာလမှာ ခန့်မှန်း ၄ နှစ်ဖြစ်သည်ဟုလည်း သိရသည်။
ရခိုင်ရိုးရာရက္ကန်းထည်များကို ရွာလုံးကျွတ်နီးပါးရက်လုပ်နေကြသည့် ဝါဘိုကျေးရွာသည် စစ်တွေမြို့မှ ၇ မိုင်ခန့်ကွာဝေးပြီး စစ်တွေမှ ဝါဘိုရွာသို့ ကုန်းလမ်းအတိုင်း ကား၊ ဆိုင်ကယ်များဖြင့်သွားမည်ဆိုလျှင် တောကန် ကျေးရွာသို့ ပထမသွားရောက်ရသည်ဟု ဒေသခံများက ပြောသည်။
တောကန်ရွာမှ ၀ါဘိုချောင်းကို လှေဖြင့်ဖြတ်ပြီးမှ ၀ါဘိုရွာသို့ရောက်ရှိသဖြင့် သွားလာရေးခက်ခဲသည့် အတွက် ယခုတံတားကိုတည်ဆောက်ပြီးစီးပါက ပြည်သူများသွားလာရေး လွယ်ကူစေပြီး စီးပွားရေးအခွင့်အရေးများလည်း ရရှိလာမည်ဖြစ်ကြောင်း ဝါဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးက နိရဥ္စရာသို့ပြောသည်။
“ကျနော်တို့မှာလည်း တံတားပြီးရင်တော့ စီးပွားရေးအခွင့်အလမ်း လုပ်လို့ ကောင်းတာပေါ့။ ကိုယ့်ရွာက ထုတ်တဲ့ ကုန်ချောတွေကိုလည်း တင်ပို့နိုင်မယ်၊ စစ်တွေကကုန်ကြမ်းတွေလည်း ကိုယ့်ရွာကို တိုက်ရိုက်ရောက်မယ်။ လမ်းပန်း ဆက်သွယ်ရေးကောင်းရင်တော့ ဒေသတွေက တိုးတက် ဖွံ့ဖြိုးလာမှာပဲလေ။ ကျနော်တို့ကတော့ လမ်းကောင်းရင်စီးပွားရေးလုပ်မှာတွေ အများကြီးပါပဲ” ဟု ပြောသည်။
ဝါဘိုကျေးရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိသော ကျေးရွာကြီးတစ်ရွာဖြစ်ပြီး လက်ရာမြောက်သော ရခိုင်ရိုးရာရက္ကန်းထည်လုံချည်များကို အကြီးအကျယ်ပြုလုပ်မှုကြောင့် နာမည်ကြီး ကျေးရွာတစ်ရွာလည်းဖြစ်သည်။
ဝါဘိုချောင်းကူးတံတားမှာ ဝါးဘိုနှင့် တောကန်ရွာအကြား တည်ရှိပြီး တံတားပြီးစီးလျှင် ၀ါဘိုရွာနှင့်အနီးအနားရွာများဖြစ်ကြသော သိန်းတန်၊ ရာတန်၊ တောကန်နှင့်ကြိမ်တောရှိ လူဦးရေ ၈ ထောင်ကျော်မှာလည်း ခရီးသွားလာရေးအဆင်ပြေ ချောမွေ့မှုနှင့်အတူ စီးပွားရေး အဆင်ပြေလာနိုင်သဖြင့် ဒေသခံပြည်သူများက အဆိုပါတံတားပြီးစီးရန် အထူးလိုလားနေကြသည်။
ဓာတ်ပုံ - ဂေါယာမြေ စောဝင်း

ဆက်စပ် သတင်းများ