ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်နှင့် ဧရာဝတီသို့ဆက်သွွယ်ထားသည့် ဂွချောင်းတံတားတွင် အရေးပေါ်ယာဉ်များအား ဧပြီလမှစတင်ဖြတ်သန်းခွင့်ပေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.2k

သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၁ / ၂၀၂၂
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးကိုဆက်သွယ်ထားသည့် ဂွချောင်းတံတားတွင် အရေးပေါ်လိုအပ်သော ယာဉ်များကို ဧပြီလလယ်ပိုင်းခန့်မှစတင်ဖြတ်သန်းသွားလာခွင့်ပေးတော့မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၈)မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူရက နိရဥ္စရာကို ပြောသည်။
“လာမယ့် ဧပြီလလယ်လောက်ဆိုရင် ဖြတ်သန်းသွားလာလို့ရတဲ့အဆင့်လောက်တော့ရမယ်။ ဒါပေမယ့် ဖြတ်သန်းသွားလာခွင့်ကတော့ တံတားပေါ်မှာ AC မခင်းရသေးတော့ ဖြတ်သန်းသွွားလာခွင့်ပြု/မပြုကိုတော့ အထက်လူကြီးတွေနဲ့ပဲဆိုင်တယ်။ ဂွဘက်ကမ်းက ချဉ်းကပ်လမ်းကို ကျောက်စီပြီးတော့ ကျောက်ချောလမ်းအနေနဲ့ ကားသွားလို့ရတဲ့အဆင့်ရယ်၊ တံတားပြီးဖို့ကတော့ ဧပြီလလယ်လောက်မှာ အရေးပေါ်ဖြတ်သန်းသွားလာလို့ရတဲ့အဆင့်လောက်ပဲရှိမှာပါ” ဟုပြောသည်။
တံတားတည်ဆောက်ပြီးစီးပါက တံတားဖွင့်ပွဲကို လာမည့်နှစ်မှ ပြုလုပ်ရမည်ဟု ပြောသည်။
ဂွချောင်းတံတားကို ဂွမြို့နယ်ရှိ ဂွ-ကျောက်ချွန်လမ်းပေါ်မှတဆင့် ဧရာဝတီတိုင်းဒေသကြီးရှိ ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မြောက်ပိုင်းသို့ ဆက်သွယ်တည်ဆောက်နေခြင်းဖြစ်သည်။
အဆိုပါတံတားကို ကျပ်သန်းပေါင်း ၈,၉ဝဝ (လမ်း+တံတား)ဖြင့် ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှစတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
တံတားအမျိုးအစားမှာ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး အရှည်ပေ ၁,၃၉၈ ပေနှင့် ၉ လက်မရှိသည်ဟု သိရသည်။
လက်ရှိတွင် ၉၈ ရာခိုင်နှုန်းအထိဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး ဧပြီလအတွင်း ရာနှုန်းပြည့်ပြီးစီးမည်ဟု သိရသည်။
ဓာတ်ပုံ - ဂွချောင်းတံတားတည်ဆောက်နေမှုအား ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ်။

ဆက်စပ် သတင်းများ