သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် ကျပ်သိန်း ၆၀၀ ကျော်ဖြင့် ပြုလုပ်ခဲ့သည့် ရွာချင်းဆက်လမ်း မပြီးစီးသေးဘဲထားခဲ့၍ ကျောင်းသားများအပါအဝင် ဒေသခံများ သွားလာရခက်ခဲနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 8.9k

နိရဥ္စရာ၊ ဇွန် ၁၅/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ငူအုပ်စုရှိ ရွာချင်းဆက်လမ်းတစ်ခုကို ကျပ်သိန်းပေါင်း ၆၅၀ ဖြင့် အကုန်ကျခံကာပြုလုပ်ခဲ့သော်လည်း လမ်းမှာပြီးစီးမှုမရှိသေးဘဲ ထားခဲ့သည့်အတွက် လက်ရှိတွင် ကျောင်းသားများအပါအဝင် ဒေသခံများ သွားလာရခက်ခဲနေသည်ဟု ကျေးရွာသားများက ပြောသည်။
အဆိုပါလမ်းကို ကျောက်ချောလမ်းအဖြစ်ပြုလုပ်ရမည်ဖြစ်သော်လည်း အချောပြီးစီးသည်အထိပြုလုပ်ခြင်းမရှိခဲ့သဖြင့် လက်ရှိတွင် လမ်းမှာ ကျောက်လုံးများအတိဖြစ်ကာ လမ်းသွားလမ်းလာများအတွက် အခက်အခဲဖြစ်နေရသည်ဟု ကျောက်ငူကျေးရွာမှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးမောင်ကြီးက နိရဥ္စရာကိုပြောသည်။
“လမ်းမှာ ကျောက်တွေက နှစ်ဝက်တစ်ဝက်လောက်သာ စီထားခဲ့တယ်။ စီခဲ့တဲ့ကျောက်တွေကိုလည်း ရိုလာတုံးနဲ့လည်း မကြိတ်ခဲ့ပါ။ Box Culvert (ကွန်ကရစ်တံတားငယ်) ၄ ခုလည်း လုံးဝပြီးစီးမှုမရှိခဲ့ပါ။ ၄ ခုမှာ ၁ တစ်ခုကသာ ပြီးခဲ့တယ်။ ၃ ခုကတော့ ကိုယ်ထည်ပဲလုပ်ခဲ့တယ်။ ဒီလမ်းကိုက လူပေါင်း သောင်းချီလို့အသုံးပြု သွားလာနေရတာ။ သွားလာနေရတာ အရမ်းအခက်အခဲဖြစ်နေတယ်”ဟု ဆိုသည်။
အဆိုပါလမ်းအရှည်မှာ ၁ မိုင်ခန့်ရှိပြီး အကျယ်မှာ ၁၆ ပေ၊ ထုထည် ၂ လက်မရှိကာ ကျောက်ချောလမ်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်မှ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကျောက်ချောလမ်းအဖြစ်မပြုလုပ်ခဲ့ဘဲ ၂၀၂၁ ခုနှစ် သြဂုတ်လ ၃၁ ရက်တွင် လုပ်ငန်းပြီးစီးခဲ့သည်ဟု သိရသည်။
အဆိုပါလမ်းကို တာဝန်ယူဆောက်လုပ်ခဲ့သည့် ကုမ္ပဏီမှာ Zin Construction ကုမ္ပဏီဖြစ်ပြီး ပိုင်ရှင်မှာ ဦးဇင်လင်းဖြိုး(အုပ်ချုပ်မှုဒါရိုက်တာ)၊ တာဝန်ခံအင်ဂျင်နီယာမှာ ဦးထွန်းဘုန်းခိုင်(A.G.T.I(Civil),R.E-04833)တို့ဖြစ်ပြီး လုပ်ငန်းခွင်အင်ဂျင်နီယာမှာ ဦးဇင်လင်းဖြိုး(B.E(Civil))၊ ကြီးကြပ်အင်ဂျင်နီယာမှာ ဦးရဲမင်းဌေး(B.E(Civil))နှင့် ဦးဝင်းမြင့်အောင်(B.E(Civil))တို့ဖြစ်သည်ဟု သိရသည်။
အဆိုပါလမ်းကို မပြီးစီးသေးဘဲထားခဲ့ရခြင်းမှာ ၎င်းကျေးရွာသို့ စက်ယန္တရားသယ်ယူရန်ခက်ခဲမှုရှိနေခြင်းကြောင့်ဖြစ်သော်လည်း ကုမ္ပဏီအနေဖြင့် ပြီးစီးသည်အထိလုပ်ဆောင်ရန် ဆောင်ရွက်လျက်ရှိနေသည်ဟု ကုမ္ပဏီပိုင်ရှင် ဦးဇင်လင်းဖြိုးက ပြောသည်။
"စက်ယန္တရားတွေ သယ်ယူရတဲ့ကိစ္စတွေ၊ ရွာရဲ့ မြေနေရာကိစ္စတွေနဲ့ဖြစ်လို့ ခဏရပ်ထားရတာပါ။ ကျွန်တော်တို့က လုံးဝလှည့်မကြည့်တာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့အပတ်ကလည်း ကျွန်တော်တို့ရွာကိုသွားခဲ့ကြသေးတယ်။ ကျွန်တော်တို့က ပြန်လုပ်ပေးဖို့လုပ်နေတယ်။ ဒီနေ့တောင်သွားဖို့ ပြင်ဆင်ထားတယ်"ဟု ပြောသည်။
အဆိုပါလမ်းကို ဆောက်လုပ်ခဲ့သည်မှာ ယခုဆိုလျှင် ၁၁ လကျော်သာရှိ နေသေးသော်လည်း လမ်းမတွင်ကျောက်များပေါ်ထွက်နေကာ ကြမ်းတမ်းနေသည့်အတွက် လူအိုများနှင့် ကလေးငယ်များအတွက် သွားလာရေးအခက်အခဲဖြစ်နေသည်ဟု ကျေးရွာသားနောက်တစ်ဦးဖြစ်သူ ဦးဝေကျော်ဦးက ပြောသည်။
“လမ်းကို လုပ်ကတည်းကနေ ကျောက်အနည်းငယ်ခင်းပြီးတော့ထားလိုက်တာ အခုအချိန်ထိပါ။ ဒီလမ်းမှာ လူအိုတွေ သွားလို့လာလို့ လုံးဝ မရောက်ကြဘူး။ လုပ်ခဲ့တဲ့လူတွေကလည်း တစ်ခါမှကိုလာလို့ကြည့်လာတာမရှိသေးဘူး။ တံတားလည်းတစ်စင်းသာ ပြီးခဲ့တယ်။ အခြားရွာတွေကလူတွေကလည်း ဒီရွာကိုလာနေကြရတာဆိုတော့ အရမ်းကိုအခက်အခဲဖြစ်နေပါတယ်” ဟုဆိုသည်။
၎င်းလမ်းကို ကျောက်ငူကျေးရွာအပါအဝင် ပန်တူမရွာ၊ ငမောက်ကျွိန်ရွာ၊ ရွာဟောင်းရွာ၊ အဖိုးပြင်ရွာနှင့် မီးကျောင်းရေသောက်ရွာစသည့် ကျေးရွာများမှဒေသခံပြည်သူများ အဓိကအားထားပြီးသွားလာနေကြရသည့် လမ်းမတစ်ခုလည်းဖြစ်သည်။
ကျောက်ငူကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လည်းရှိနေသည့်အတွက် အနီးအနားရှိကျေးရွာမှ ကျောင်းသူ/သားများလည်း ၎င်းကျောင်းတွင်လာရောက် ပညာသင်ယူနေကြသည်ဟုလည်း ကျေးရွာသားများက ဆိုသည်။ (NN-11)

ဆက်စပ် သတင်းများ