အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရခိုင်နှင့် ဧရာဝတီသို့ ဆက်သွယ်ထားသည့် ဂွချောင်းတံတားကိုယာယီဖြတ်သန်းခွင့်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 1.2k

နိရဥ္စရာ၊ ဇူလိုင် ၁/ ၂၀၂၂
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးကို ဆက်သွယ်တည်ဆောက်ထားသည့် ဂွချောင်းတံတားကို ယနေ့ ဇူလိုင် ၁ ရက်မှစတင်ကာ ယာယီဖြတ်သန်းသွားလာခွင့်ပေးလိုက်ပြီဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
မိုးတွင်းကာလဖြစ်နေ၍ တစ်ဖက်ကမ်းသို့ကူးတိုးဖြင့်သွားလာနေရသည့်အတွက် ယခုလို ယာယီအသုံးပြုခွင့်ပေး ထားရခြင်းဖြစ်ပြီး ဖြတ်သန်းသွားလာသည့်နေရာတွင်လည်း ၃ တန်အောက်ကားများနှင့် ဆိုင်ကယ်၊ စက်ဘီးများကိုသာ ခွင့်ပြုထားသည်ဟု တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၈)မှ ဒုတိယညွှန်ကြား ရေးမှူး(မြို့ပြ) ဦးကျော်သူရက နိရဥ္စရာသို့ပြောသည်။
“လောလောဆယ် တံတားကိုယာယီပေးဖြတ်ခွင့်ပေးထားတာ။ ဒီလို ကားလေးတွေသွားလာလို့ရရင် ပြည်သူတွေ အတွက်ကို အကျိုးရှိလို့။ အခုက ကျောင်းသားတွေက ကူးတိုးနဲ့သွားလာနေရတယ်။ ကူးတိုးနဲ့လားနေရတော့ မိုးစိုစွတ်တယ်လေ။ တံတားပေါ်ကဆိုတော့ လမ်းလျှောက်လို့ပဲသွားသွား၊ စက်ဘီးနဲ့ပဲသွားသွား၊ ကားလေးတွေဆို ရင်လည်း ဟိုဖက်ကမ်း၊ ဒီဖက်ကမ်း သွားလာလို့ရတဲ့အဆင့်ဆိုပြီးတော့ သက်ဆိုင်ရာအဆင့် ပြည်ထောင်စုဝန်ကြီးတွေကို တင်ပြပြီးတော့ ယာယီအသုံးပြုခွင့်ပေးထားတာ”ဟု ဆိုသည်။
လက်ရှိတွင် အဆိုပါတံတား၌ ဆက်လက်ပြီးလုပ်ဆောင်စရာများကျန်ရှိနေသေးသည်များကို ပွင့်လင်းရာသီသို့ရောက်ရှိမှသာ ဆက်လက်ပြုလုပ်နိုင်မည်ဖြစ်ပြီး ယင်းအချိန်မှသာ တံတားကို ဖွင့်လှစ် နိုင်မည်ဟုလည်း ဦးကျော်သူရက ပြောသည်။
“တံတားကိုဖွင့်ဖို့အတွက် တံတားက မပြီးစီးသေးဘူး။ တံတားပေါ်မှာ ကတ္တရာခင်းဖို့ဟာရယ်၊ ချဉ်းကပ်လမ်းပေါ်မှာ ကွန်ကရစ်ခင်းဖို့ဟာရယ် ကျန်သေးတယ်။ အဲဒါကို ပွင့်လင်းရာသီကျမှ လုပ်နိုင်မယ်။ ဒီအတောအတွင်းမှာ ၃ တန်အောက် ကားလေးတွေနဲ့ လူတွေကို၊ ဆိုင်ကယ်တွေကို တံတားကို ယာယီအသုံးပြုခွင့်ပေးထားတာ။ အခုက လောလောဆယ်ပြီးစီးသလောက်ကို အသုံးပြုခွင့်ပေးထားတာ”ဟု ဆိုသည်။
အဆိုပါဂွချောင်းတံတားအမျိုးအစားမှာ သံကူရစ်တံတားအမျိုးအစားဖြစ်ပြီး တံတားအရှည်မှာ ၁,၃၉၈ ပေနှင့် ၉ လက်မရှိပြီး ကျပ်သန်းပေါင်း ၈၉၀၀(လမ်း+တံတား)ဖြင့်၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့တွင် စတင်တည် ဆောက်ခဲ့ခြင်းဖြစ်သည်။ (NN-11)
Photo - Zaw Myo Win

ဆက်စပ် သတင်းများ