ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေ မြို့အဝင်ကားဂိတ်ရှေ့က ပေါက်ကွဲသံများထွက်ပေါ်လာ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များစစ်ဆေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 8.8k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇူလိုင် ၂၈/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အဝင် ကားဂိတ်ရှေ့၊ မင်းဂံလမ်းခွဆုံတွင် ယနေ့ ညနေ ၉ နာရီခန့်က ပေါက်ကွဲသံ ၄ချက် ထွက်ပေါ်လာခဲ့သဖြင့် လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးလျက်ရှိနေကြောင်း စက်ရုံစု ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလင်းလင်းက နိရဥ္စရာသတင်းဌာနအားပြောသည်။
“ ကျွန်တော်တော့ အဲဒီနေရာရောက်နေပါတယ်။ ရဲနဲ့စစ်တပ်ကလည်း ရောက်နေကြပါတယ်။ ဒီနားကလူတွေပြောတာတော့ ပေါက်ကွဲသံ လေးချက်ကြားလိုက်တယ်လို့ပြောတယ်။ ကျွန်တော်တို့ ပေါက်တဲ့နေရာကို စစ်ဆေးနေတုန်းပါဘဲ” ဟုပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား နိရဥ္စရာသတင်းဌာနမှ မေးမြန်းရာ အဆိုပါနေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်နေဆဲဖြစ်ကြောင်း ၊အကြောင်းစုံကို ၄င်းတို့အနေဖြင့် မသိရသေးကြောင်း ဖြေဆိုသည်။
စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က “ အဲဒီမှာရှိတဲ့ မထသ ဥက္ကဋ္ဌကတော့ အခုနက ဖုန်းလှမ်းဆက်လို့ လုံခြုံရေးအဖွဲ့တွေက သွားကြည့်ဖို့ လုပ်နေတယ်။ ကျွန်တော်တို့က ဒီဖက်အဝေးကြီးမှာမို့မကြားလိုက်ဘူး။ နှစ်ချက်သုံးချက်လို့တော့ကြားတယ်။ အခုလက်ရှိကတော့ ဘာမှတော့ မသိရသေးဘူး” ဟုပြောသည်။
နိရဥ္စရာသတင်းထောက်များအနေဖြင့် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာအနီးဝန်းကျင်တွင် နေရာယူထားသဖြင့် တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသေးပါ။
ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲခန့်ကလည်း စစ်တွေမြို့ ၊ မိဇံရပ်ကွက် BXT ဆိပ်ကမ်းဝင်ပေါက်အနီး ပေါက်ကွဲမှု အသံထွက်ပေါ်ခဲ့ပြီး လူထုအတွင်း ထိတ်လန့်မှု ဖြစ်ပွားခဲ့သေးသည်။

ဆက်စပ် သတင်းများ