ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေမြို့အဝင်ဂိတ်အနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ဆေးမှုတချို့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 2.5k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇူလိုင် ၂၉/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အဝင်မုဒ်ဝ၊ ကားဂိတ်အနီးတွင် ယမန်နေ့ ဇူလိုင် ၂၈ ရက်နေ့ည ၉ နာရီခန့်က အသံဗုံးလေးလုံးပေါက်ကွဲခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့နေရာအချို့တွင် စစ်ဆေးမှုများရှိခဲ့သည်ဟု သတင်းရရှိသည်။
စစ်ဆေးသည့်နေရာများမှာ စစ်တွေမြို့ဝင်္ကဘာကွင်းအနီးနှင့် စာတိုက်ကြီးအနီးတွင် ဖြစ်ကြောင်း၊ ရဲနှင့် စစ်တပ် ပူးပေါင်းအင်အား ၂ဝ ကျော်စီခန့်က ဆိုင်ကယ် Box များဖွင့်ခိုင်းပြီး စစ်ဆေးခြင်း၊ နှာခေါင်းစည်း Mask မတပ်သူများကို တပ်ခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း အစစ်ဆေးခံခဲ့ရသူများက နိရဉ္စရာကို ပြောကြားသည်။
စစ်တွေမြို့ခံဒေသခံတစ်ဦးက “ကျွန်တော်လည်း စစ်ဆေးခံခဲ့တာပါ။ ဖြတ်သွားတဲ့ လူအကုန်လုံးကိုစစ်တာပါ။ စစ်သားတွေစစ်ပါတယ်။ ဆိုင်ကယ် box တွေဖွင့်ခိုင်းတယ်။ ဘာပစ္စည်းတွေပါလဲဆိုပြီးပေါ့။ မနေ့ကဗုံးပေါက်ကွဲမှုနဲ့ဆိုင်မယ်ထင်ပါတယ်” ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးသိန်းစိုးက ၄င်းတို့အနေဖြင့် စစ်ဆေးခြင်းမှာ နှာခေါင်းစည်းများ တပ်ဆင်ရန် စစ်ဆေးခြင်းဖြစ်ကြောင်း၊ မည်သည့် နေရာများတွင်စစ်ဆေးနေသည်ကို ပြောပိုင်ခွင့်မရှိကြောင်း၊ ယမန်နေ့ ဗုံးပေါက်ကွဲမှုနှင့် မသက်ဆိုင်ကြောင်းပြောသည်။
“အဲဒါကတော့ပုံမှန်ပါပဲ ဘာမှမဟုတ်ပါဘူး။ mask တွေတပ်မတပ်စစ်ဆေးတာပေါ့လေ။ ကျန်တာတော့ မရှိပါဘူး။လှည့်ကင်းလုပ်တဲ့အဖွဲ့ပဲသိမယ်။ ကျွန်တော့တို့ဆီညနေကျမှ စာကတက်လာမှာ” ဟုပြောသည်။
စစ်တွေမြို့တွင် ယမန်နေ့ည ၉ နာရီခန့်က အသံဗုံး ၄ လုံးပေါက်ကွဲခဲ့ကြောင်း စစ်တွေမြို့၊အမှတ်(၁) ရဲစခန်းမှူးကလည်း နိရဥ္စရာသတင်းဌာနကို အတည်ပြု ပြောကြားခဲ့သည်။
ယင်းနောက် ယနေ့ နံနက်ပိုင်းတွင် မြို့တွင်း နေရာတချို့၌ စစ်ဆေးမှုများ ပြုလုပ်နေခဲ့သဖြင့် လမ်းသွားလမ်းလာများအနေဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။
ယမန်နေ့ညကပေါက်ကွဲမှုကြောင့် ည ၉ နာရီကျော်ခန့်မှစ၍ ည ၁၁ နာရီကျော်အထိ စစ်တပ်နှင့် ရဲ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ၁ဝဝ ခန့်မှာ ကားဂိတ်အနီးတဝိုက်တွင် မိုင်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က စစ်တွေမြို့မိဇံရပ်ကွက်၊ BXT ဆိပ်ကမ်းအဝင်လမ်းအနီးတွင် အလားတူ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဒေသများစိုးရိမ်မှုဖြစ်ပေါ်ခဲ့ကြသည်ဟု သတင်းရရှိသည်။
(ဓာတ်ပုံ- ဇိတ်ကေ)

ဆက်စပ် သတင်းများ