ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ဂွတွင် ည ၁ဝ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.9k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၆ / ၂၀၂၁
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ည ၁ဝ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်သည်ဟု သိရသည်။
အဆိုပါအမိန့်ကို ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်မှစတင်ကာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ညနေပိုင်းတွင် မြို့ပတ်လှည့်လည်ကြေညာခဲ့သည်ဟု ကြေညာရာတွင်ပါဝင်သူ ကိုရွှေပိန်က နိရဥ္စရာကိုပြောသည်။
“ဧည့်စာရင်းစစ်မယ်လို့ပြောတယ်။ ဘာကြောင့်လဲတော့ အတိအကျမသိဘူး။ ထွက်တဲ့သူကိုဖမ်းရင်လည်း ဖမ်းမှာပေါ့။ သက်ဆိုင်ရာတွေပဲ အတိအကျသိမယ်”ဟု ပြောသည်။
ယခုကဲ့သို့ ထုတ်ပြန်ရခြင်းမှာ ဂွမြို့နယ်ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း မီးရှို့ခံရမှုနှင့်ပတ်သက်၍ လုုံခြုံရေးတင်းတင်းကျပ်ကျပ်ဆောင်ရွက်ခြင်းများနှင့် ဧည့်စာရင်းစစ်ခြင်းများပြုလုပ်နေခြင်းကြောင့်ဖြစ်နိုင်သည်ဟု ဂွမြို့မိ၊ မြို့ဖ ဦးခင်မောင်ထွေးက ပြောသည်။
“ညမထွက်ရအမိန့်ထုတ်ထားပါတယ်။ ဧည့်စာရင်းတွေ စစ်တယ်။ ဒီလိုလုပ်တာဟာ တလောက မီးရှို့ခံလိုက်ရတဲ့ စာသင်ကျောင်းကြောင့် စစ်ဆေးတာတွေလုပ်တာထင်တယ်”ဟုပြောသည်။
ဂွမြို့ ရွာမရပ်ကွက်၊ မင်္ဂလာလမ်းရှိ အုတ်ညှပ် သစ်သားဆောင် နှစ်ထပ်ဆောင်ဖြစ်သည့် အခြေခံပညာ မူလတန်း(လွန်)ကျောင်းသည် ဒီဇင်ဘာလ ၁၃ ရက် ညဉ့် ၃ နာရီခန့်တွင် မီးရှို့ခံရ၍ ကျောင်းရှိ လှေကားကြမ်းခင်း (၆×၁၀)ပေရှိ ပျဉ်အချပ်(၂၀)ခန့်ပျက်စီးဆုံးရှုံးသွားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါဖြစ်စဉ်အား ရဲတပ်ဖွဲဲ့က အမှုဖွင့်ထားပြီး ကျူးလွန်သူအား ယနေ့ထိ စုံစမ်းဖော်ထုတ်၍ မရသေးချိန်တွင် ယခုကဲ့သို့ ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ဂွမြို့နယ်အုပ်ချုပ်ရေးမှူးအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

ဆက်စပ် သတင်းများ