ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တွင် အများပြည်သူအကျိုးစီးပွားများဖျက်ဆီးခံရမှု ၁၁ ရက်အတွင်း ၆ ကြိမ်ထက်မနည်းဖြစ်ပွား၍ လူထုအတွင်း စိုးရိမ်မှုမြင့်တက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.1k

ထက်အောင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၃/၂၀၂၁
ရခိုင်ပြည်နယ်တွင် ရိတ်သိမ်းပြီးစ စပါးပုံများ၊ စပါးရိတ်သိမ်းခြွေလှည့်စက်များနှင့် စာသင်ကျောင်းများ မီးရှို့ခံရမှုများအပါအဝင် နွားများ ရက်စက်စွာ အခုတ်ခံရမှုများကဲ့သို့ အများပြည်သူ၏ အကျိုးစီးပွားများ ဖျက်ဆီးခံရမှုများသည် ဒီဇင်ဘာလအတွင်း ပိုမိုဖြစ်ပွားလာနေ၍ လူထုအကြား စိုးရိမ်မှုမြင့်တက်နေသည်ဟု သိရသည်။
ယခုလုပ်ရပ်များသည် ရာဇဝတ်မှုထက် ကျော်လွန်သည့်လုပ်ရပ်ဖြစ်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက ဝေဖန်ပြောကြားလိုက်သည်။
“ဒါက မဖြစ်သင့် မလုပ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီကျူးလွန်မှုက ရိုးရိုးသားသားကြည့်လို့မရဘူး။ ရာဇဝတ်မှုထက် ကျော်လွန်တဲ့လုပ်ရပ်လို့ သုံးသပ်တယ်” ဟု ပြောသည်။
ယင်းဖြစ်စဉ်များမှာ ဒီဇင်ဘာလ ၁ဝ ရက်မှ ၂၁ ရက်အတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၂၁ ရက် ညပိုင်းက ဘူးသီးတောင်မြို့နယ် ကန္ဒားမူဆလင်ရွာတွင် စပါးကောက်လိုင်းစည်း (၇၀၀) ခန့်၊ ဒီဇင်ဘာလ ၁၄ ရက် ညဥ့်အချိန်က ကျောက်ဖြူမြို့နယ်၊ စည်မော်ကျေးရွာမှ လယ်သမား(၃) ဦး၏ ရိတ်သိမ်းပြီးစ စပါးများ၊ ဒီဇင်ဘာ ၁၁ ရက် ညဥ့်တွင် မြောက်ဦးမြို့နယ် လောင်းကြက်ကျေးရွာမှ ရိတ်သိမ်းပြီးစ စပါးများနှင့် ဒီဇင်ဘာ ၁၀ ရက် ညဥ့်က မြောက်ဦးမြို့နယ် ထိပ်ဝပြင်ရွာတွင် စပါးရိတ်သိမ်းခြွေလှည့်စက် ၂ လုံးတို့ မီးရှို့ခံရမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယင်းအပြင် ဂွမြို့ ရွာမရပ်ကွက်ရှိ မူလတန်း(လွန်)ကျောင်းလည်း မီးရှို့ခံရမှုကြောင့် လှေကားအနီးရှိ ပျဉ်ချပ်အချို့ ပျက်စီးသွားကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၀ ရက် ညည့်အချိန်ကလည်း မြောက်ဦးမြို့နယ်၊ မုချာရွာတွင် လယ်သမားတစ်ဦးပိုင်သည့် နွား (၅) ကောင်ကို ဓားဖြင့် ရက်စက်စွာ အခုတ်ခံရမှုဖြစ်ပွားခဲ့သေးသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက “ဒီလိုစပါးတွေ မီးရှို့ခံရတယ်ဆိုတာကတော့ လယ်သမားတွေရဲ့တစ်နှစ်စာ ဝမ်းရေးအတွက် လုပ်ကိုင်ထားတာတွေက သဲထဲရေသွန်ဖြစ်သွားတယ်။ လယ်သမားဆိုတာက ဆင်းရဲတယ်။ အဲဒီလယ်က ထွက်တဲ့စပါးကိုပဲ မှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုရတာ။ ဒီလို မတရားသဖြင့် မီးရှို့ခံရတာတွေက လယ်သမားတွေအနေနဲ့ အင်မတန်နစ်နာဆုံးရှုံးမှုရှိတယ်”ဟု ပြောသည်။
ယခုဖြစ်ရပ်များသည် ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှု အားနည်းသည့်အတွက်ဖြစ်သည်ဟုလည်း ဦးဖိုးစံက ဆက်ပြောသည်။
ယင်းဖြစ်စဉ်များတွင် မည်သူမည်ဝါက ပြုလုပ်သည်ဆိုသည်ကို လက်ရှိအချိန်ထိ လက်သည်မပေါ်သေးကြောင်း နစ်နာသူများက ပြောသည်။
ကျောက်ဖြူမြို့နယ် စည်မော်ရွာမှ စပါးများမီးရှို့ခံခဲ့ရသည့် လယ်သမား ဦးဦးထွန်းက “ကျနော်တို့ လယ်သမားတွေမှာကတော့ စပါးတွေ မီးရှို့ခံရရင် နစ်နာမှုတော့ရှိတာပေါ့။ ဒါကြောင့် ထောက်ပံ့ကြေးတွေ ရမလားဆိုပြီး ကျောက်ဖြူမြို့မှာလည်း စာတင်လို့ရှိတယ်” ဟု ပြောသည်။
ဓားခုတ်ခံခဲ့ရသည့် နွားများ၏ပိုင်ရှင် ဦးမောင်စောထွန်းကလည်း နွားများကို ဓားဖြင့်ခုတ်သွားခြင်းသည် ရက်စက်သည့်လုပ်ရပ်ဖြစ်ခြင်းကြောင့် လွန်စွာဝမ်းနည်းကြေကွဲရပြီး ထိုနွားများကို မှီခို၍ လုပ်ကိုင်စားသောက်နေရခြင်းဖြစ်ရာ နစ်နာဆုံးရှုံးရကြောင်း ပြောသည်။
နွားများဓားခုတ်ခံရမှုတွင် သံသယရှိသူလူငယ်အချို့ကို ရက္ခိုင့်တပ်တော်(AA)က စစ်ဆေးမေးမြန်းရာခေါ်ယူထားသည်ဟုလည်း သိရသည်။
ရခိုင်တွင် ယခုကဲ့သို့လုပ်ရပ်များ မကြာခဏဖြစ်ပွားနေသည့်အတွက် ဒေသခံများနှင့် လယ်သမားများအကြားတွင် စိုးရိမ်မှုများမြင့်တက်နေသည်ဟုလည်း သိရသည်။
ရသေ့တောင်မြို့နယ် စဖိုကျွန်းရွာမှ ဒေသခံတစ်ဦးက “ဒီဘက်မှာတော့ အခုကတော့ အေးဆေးပါပဲ။ အဲဒီလို အဖြစ်အပျက်တွေတော့ မရှိဘူး။ ဒါပေမယ့် အဲဒီလို ရခိုင်ပြည်နယ်ထဲမှာ ဖြစ်လာတော့ စိုးရိမ်မှုတော့ ဖြစ်တာပေါ့”ဟု ပြောသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) က အဖွဲ့အစည်းတစ်ခုက ယခုကဲ့သို့ဖြစ်စဉ်များသည် မကောင်းသည့်ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးလှုံ့ဆော်မှုတစ်ခုဟု သံသယဖြစ်မိသည့်အတွက် ပြည်သူများအနေဖြင့် သတိရှိကြရန် ဒီဇင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ