ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မောင်တောတွင် ည ၁ဝ နာရီမှ နံနက် ၅ နာရီအထိညမထွက်ရအမိန့် ထပ်မံထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 10k

နိရ ဉ္စရာ၊ ဇွန် ၁၃ / ၂ဝ၂၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းတွင် ည ၁ဝ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ (၁၄၄)ကို ထပ်မံထုတ်ပြန်လိုက်သည်ဟု သိရသည်။
အဆိုပါအမိန့်ကို ဇွန်လ ၁၁ ရက်တွင် မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ညနေပိုင်းတွင် မြို့နယ်ထွေ/အုပ်က မြို့ပေါ်၌ စပီကာဖြင့် လှည့်လည်အသိပေးထုတ်ပြန်ခဲ့သည်ဟု မြို့ခံများက ပြောသည်။
မောင်တောမြို့နယ်တွင် ၂ဝ၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ကဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများအေးချမ်းစွာနေထိုင်ရေးအတွက်ဟုဆိုကာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စတင်ထုတ်ပြန်ချိန်က ည ၆ နာရီမှ နံနက် ၆ နာရီအထိဖြစ်သော်လည်း နောက်ပိုင်းတွင် ဒေသတည်ငြိမ်လာခဲ့သည့်အတွက် ယခုကဲ့သို့ ည ၁ဝ နာရီမှ နံနက် ၅ နာရီအထိ ဖြေလျှော့ကာ ၂ လတစ်ကြိမ် ပုံမှန်ထုတ်ပြန်လာနေခြင်းဖြစ်သည်။
ယခုအမိန့်ကို ဥပဒေအရပုံမှန်ထုတ်ပြန်နေသော်လည်း နားလည်မှုဖြင့်သွားလာ၍ရနေသည့်အတွက် ဒေသခံများတွင် အခက်အခဲမရှိဟု မောင်တောမြို့ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှသိန်းက နိရဥ္စရာကိုပြောသည်။
“လိုအပ်ရင်တော့ ဥပမာ ဆေးရုံသွားချင် သွားလို့ရတယ်။ လုပ်ငန်းကိစ္စတွေနဲ့ အရေးပေါ်သွားချင်လည်း သွားပါတယ်။ ဌာနဆိုင်ရာတွေအနှောင့်အယှက်ပေးတာတော့မရှိဘူး။ သူတို့ နားလည်ပေးပါတယ်”ဟု ပြောသည်။
ယခုထုတ်ပြန်သည့်ညမထွက်ရအမိန့်တွင် မောင်တောမြို့နယ်အတွင်း တာဝန်ရှိသူများမှအပ လမ်းမကြီးများ၊ အများပြည်သူများသွားလာသည့်လမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်)အများပြည်သူနှင့်သက်ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင်(၅)ဦး (သို့မဟုတ်) (၅)ဦးထက်ပိုသောသူများစုဝေးခြင်းမပြုလုပ်ရဟု ရေးသားပါရှိသည်။ (NN-2)
ဓာတ်ပုံ - မောင်တောမြို့တွင်းတစ်နေရာအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ