သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စစ်တွေရောက်မြောက်ဦးလူငယ်များ တွေ့ဆုံဆွေးနွေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.7k

နီမင်းထွန်း
နိရဥ္စရာ ၊ အောက်တိုဘာ ၂၃/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အာရီယာန်ခန်းမတွင် အောက်တိုဘာလ ၂ဝ ရက်နေ့က လူငယ်အရေးနှင့်ပတ်သက်၍ စစ်တွေရောက် မြောက်ဦးလူငယ်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြောက်ဦးလူငယ်များအစည်းအရုံး(MUYA) နှင့်ပူးပေါင်းပြီး လူငယ်များစုစည်း၍ ပရဟိတ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ၊ ဘက်စုံဖွံ့ဖြိုးရေးအတွက် အသိပညာ၊ အတတ်ပညာ သင်တန်းများ ပို့ချနိုင်ရေး၊ ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် လူငယ်များ ပါဝင်အားဖြည့်နိုင်ရေးနှင့် လူငယ်များ စုစည်းပြီး ရခိုင်ပြည်နယ်အတွက် အပြောင်းအလဲများ ပြုလုပ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

၎င်းဆွေးနွေးပွဲကို ယခုလ ၂ဝ ရက် နေ့လယ် ၁၂ နာရီခွဲမှ ညနေ ၄ နာရီအချိန်အထိ ပြုလုပ်ကျင်းပခဲ့သည်။

“စစ်တွေရောက်နေတဲ့ မြောက်ဦးက လူငယ်တွေ စုပေါင်းဖွဲ့စည်းထားတဲ့  MUYA ဆိုတာ ရှိပါတယ်။ ဒီအဖွဲ့က လူငယ်တွေ ဘက်စုံဖွံ့ဖြိုးရေးနဲ့ ပရဟိတ လုပ်ငန်းတွေကို အဓိကထား ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း  ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ  မြောက်ဦးကနေ စစ်တွေကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့သူတွေကို ဒီအဖွဲ့အစည်း၍ လုပ်ဆောင်နေတာတွေ၊ ရှေ့လုပ်ငန်းစဉ်တွေကို ချပြရေးနဲ့ အဖွဲ့ဝင်သစ်တွေ တိုးလာဖို့ ရည်ရွယ်ပြီး ကျင်းပရတာ ဖြစ်ပါတယ်” ဟု မြောက်ဦးလူငယ်များအစည်းအရုံး(စစ်တွေ) မှ တာဝန်ခံ ကိုမင်းသန်းစိုးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မြောက်ဦးလူငယ်များအစည်းအရုံး(MUYA)သည် လက်ရှိတွင် မြောက်ဦးမြို့နယ်အတွင်းမှ ကျေးရွာများတွင် သင်တန်းများပို့ခြင်း ၊ စစ်ဘေးဒုက္ခသည်များကို ကူညီပေးခြင်း ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ခြင်း၊  ရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် မြို့ရွာသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မြောက်ဦးမြို့ UNESCO ဝင်ရေးအတွက် ဆောင်ရွက်ပေးခြင်းများနှင့် အခြားဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သူကဆက်ပြောခဲ့သည်။

အဆိုပါတွေ့ဆုံပွဲအား တက်ရောက်လာသူ မြောက်ဦးမြို့ ရွှေဂူတောင်ရပ်ကွက်မှ မမြဇင်မာထွန်းက
“အစက MYUA အကြောင်းကို သိပ်မသိခဲ့ဘူး။ အခုကျမှ ဘယ်လို ထူထောင်ခဲ့တယ်။ ဘယ်လို ဆောင်ရွက်နေတယ် ဆိုတာကို သိခဲ့ရတယ်။ MUYA ဟာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးနဲ့ လူငယ်တွေအတွက် လိုအပ်ချက်တွေကို လုပ်ဆောင်ပေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ သိရတဲ့ အတွက် ဝမ်းသာမိပါတယ် ”ဟု ပြောသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ မြောက်ဦးမြို့နယ်မှ လူငယ် ၁၃ဝ ကျော်ခန့် တက်ရောက်ခဲ့သည်။  မြောက်ဦး လူငယ်များအစည်းအရုံး(MUYA)တွင် လက်ရှိ အဖွဲ့ဝင် ၁၃ဝ ကျော်ခန့်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ