သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

(၈၂)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနား ဂျပန်နိုင်ငံတွင်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7k

နောင်ခိုင်အောင်
နိရ ဉ္စရာ၊ စက်တင်ဘာ ၁၃/ ၂ဝ၂၁
(၈၂)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ဂျပန်)က ဦးဆောင်ကာ ယမန်နေ့ စက်တင်ဘာလ ၁၂ ရက် ညနေ ၅ နာရီမှ ည ၈ နာရီအထိ တိုကျိုမြို့ရှိ Minamii Otsuka Hall တွင်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ဆရာတော် ဦးဥတ္တမနေ့ကို အခုလို ကျင်းပရတာဟာ သမိုင်းပေးတာဝန်တစ်ခုကို လက်ဆင့်ကမ်း သယ်ယူလာတဲ့သဘောမျိုးဖြစ်သလို ရခိုင်တို့ရဲ့ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားမှုကို ထုတ်ဖော်ပြတဲ့သဘောပါ။ နောက်ပြီးတော့ ရခိုင့်အာဇာနည်တွေကို ဂုဏ်ပြုတယ်ဆိုတာလည်း နောက်လာတဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် မျိုးချစ်စိတ်ဓာတ် နိုးထလာပြီး ရခိုင်နိုင်ငံရေး၊ တော်လှန်ရေးမှာ တတ်အား သလောက် ပါဝင်လာနိုင်ဖို့ မျှော်လင့်မိလို့ အခုလို ကျင်းပရတာဖြစ်ပါတယ်”ဟု ရခိုင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(ဂျပန်)၏ ပြန်ကြားရေးမှူး ကိုထက်လင်းအောင်က ပြောသည်။
ဆရာတော်ဦးဥတ္တနေ့သည် စက်တင်ဘာလ ၉ ရက်နေ့ဖြစ်သော်လည်း အများပြည်သူလာရောက်ဂါရဝပြုနိုင်ရန်အတွက် အများပြည်သူရုံးပိတ်ရက်ဖြစ်သည့် စက်တင်ဘာလ ၁၂ ရက် (တနင်္ဂနွေနေ့)တွင် ကျင်းပလိုက်ခြင်းဖြစ်သည်ဟု ပွဲကျင်းပသူများက ပြောသည်။
အဆိုပါအခမ်းအနားသို့ ဂျပန်နိုင်ငံရောက် တိုင်းရင်းသားအဖွဲ့(၇)ဖွဲ့ဖြစ်သော (AUN )Associational of National Japan၊ OKOJ-Overseas Karan Organation (Japan)၊ ပုညကာရီ မွန်အဖွဲ့အစည်း၊ NUCM-National Unity Committee of Myanmar(japan)၊ R.T.M Revolution Tokyo Myanmar ၊ ရှမ်းအဖွဲ့အစည်းနှင့် ပအို့ဝ်အဖွဲ့အစည်းတို့ုမှ ခေါင်းဆောင်များလည်း လာရောက်ဂါရဝပြုခဲ့ကြသည်ဟု သိရသည်။
ဂျပန်နိုင်ငံတွင် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားအား နှစ်စဉ် စည်စည်ကားကားကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် ကိုဗစ်ကြောင့် လူဦးရေ အကန့်အသတ်ဖြင့်သာ ကျင်းပခဲ့ရကြောင်း သိရသည်။
စက်တင်ဘာ ၉ ရက်ကကျရောက်ခဲ့သည့် (၈၂)မြောက် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို ရခိုင်မှ မြို့နယ် (၁၅)ခုအပါအဝင် ရန်ကုန်နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့တွင်လည်း ကိုဗစ်စည်းကမ်းနှင့်အညီ ကျင်းပခဲ့ကြကြောင်း သိရသည်။
ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ အင်္ဂလိပ်နယ်ချဲ့လက်အောက်သို့ ကျရောက်နေစဉ် မြန်မာတစ်မျိုးသားလုံး ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့တို့အား ဆန့်ကျင်တော်လှန်ရန် နိုင်ငံရေးမျိုးစေ့ကို စတင်ချပေးခဲ့သော ရဟန်းတော်တစ်ပါးဖြစ်သည်။
ယင်းအပြင် အင်္ဂလိပ်တို့အား မကြောက်တရားများ လှုံ့ဆော် ရေးသားဟောကြားမှုကြောင့် ထောင်အကြိမ်ကြိမ် ချခံခဲ့ရသည့် ရဟန်းတော်တစ်ပါးလည်း ဖြစ်သည်။
ဓာတ်ပုံ - ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ဂျပန်)

ဆက်စပ် သတင်းများ